Homeပြည်တွင်းသတင်းဖားကန့် ဥရုချောင်းအတွင်း အင်ဂျင်ဝိုင်စွန့်ပစ်မှုကြောင့်၆ နာရီကြာ အနံ့ဆိုးဖြစ်ပွား ၊ ကျူးလွန်သူတွေကို KIO ညတွင်းချင်း ဖမ်းဆီး

ဖားကန့် ဥရုချောင်းအတွင်း အင်ဂျင်ဝိုင်စွန့်ပစ်မှုကြောင့်၆ နာရီကြာ အနံ့ဆိုးဖြစ်ပွား ၊ ကျူးလွန်သူတွေကို KIO ညတွင်းချင်း ဖမ်းဆီး

၆ ဖေဖော်ဝါရီ ၂၀၂၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဥရုချောင်းအတွင်း အင်ဂျင်ဝိုင်ဟောင်းတွေ စွန့်ပစ်ခဲ့ရာကနေ ၆ နာရီကြာ အနံ့ဆိုးပြင်းထန်စွာ ထွက်ပေါ်ခဲ့မှုနဲ့ပတ်သက်ပြီး အင်ဂျင်ဝိုင်ဟောင်းချက်စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေကို KIO က ညတွင်းချင်း ဖမ်းဆီးအရေးယူထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖြစ်စဉ်ဟာ မနေ့က ဖေဖော်ဝါရီ ၅ ရက် ညနေ ၆ နာရီခွဲလောက်ကနေ ည ၁၁ နာရီခန့်အထိ ဥရုချောင်းအတွင်း အင်ဂျင်ဝိုင်စွန့်ပစ်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး အနံ့ဆိုးဒဏ်ကို ဆန်းကြွယ်၊ ဖားပြင်၊ မမုံ၊ နမ့်မှော်၊ လုံးခင်း၊ မှော်စီစာ ကျေးရွာတွေ အပါအဝင် ဖားကန့်မြို့နဲ့ မရှီကထောင်ရပ်ကွက်အထိ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“မူးတယ်၊ အော့အန်တယ်ပေါ့ဗျာ၊ အဲလိုအနေအထားတွေတော့ဖြစ်ကုန်တာ မနေ့က အချိန်ကလည်း တော်တော်ကြာတယ်လေ။ အနံ့က ဆယ်မိုင်ပတ်လည်လောက်အထိ ရောက်တာ၊ ဆေးရုံပို့ရတဲ့အခြေ အနေမျိုးတော့မရှိခဲ့ဘူး”လို့ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

အဆိုပါ အနံ့ဆိုးဖြစ်ပေါ်အောင် ပြုလုပ်ခဲ့တဲ့ အင်ဂျင်ဝိုင်ဟောင်းချက်စက်ရုံပိုင်ရှင် အသက် ၃၇ နှစ်အရွယ် သက်ဇော်အောင်နဲ့ စက်ရုံအလုပ်သမား အသက် ၅၂ နှစ်အရွယ် ဦးအောင်လှိုင်မြင့်တို့ကို KIO တာဝန်ရှိသူတွေက နယ်မြေအတွင်း စုံစမ်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသကို KIO/KIA က အုပ်ချုပ်ထိန်းချုပ်ထားတာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို KIO က တာဝန်ယူ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

အဆိုပါ အင်ဂျင်ဝိုင်ဟောင်းချက်စက်ရုံဟာ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးဆီကနေ မြေငှားရမ်းပြီး တည်ဆောက်ထားတာဖြစ်ကာ ဆိပ်မူကျေးရွာအတွင်းမှာ အင်ဂျင်ဝိုင်ဟောင်းချက်စက်ရုံ အနည်းဆုံး ၂ ခုရှိတယ်လို့ သိရပါတယ်။

#ဖားကန့်

#ဥရုချောင်း

#အင်ဂျင်ဝိုင်စွန့်ပစ်မှု

#ပတ်ဝန်းကျင်ညစ်ညမ်းမှု

#KIO

#KIA

#ကချင်ပြည်နယ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး