၃၁ ဇန်နဝါရီ၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက ဘဇံချောက်ကျေးရွာနားက ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇန်နဝါရီ ၃၀ ရက် ည ၁၀ နာရီလောက်က မြေပြိုကျပြီး မြေတူးစက်မောင်းသူ ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီနေရာဟာ ဇန်နဝါရီ ၁၃ ရက် နွံကန်ပြိုကျတဲ့ စပေါ့ရွာအနီးမှာပဲ တည်ရှိတာ ဖြစ်တယ်လို့ သိရပြီး အဲဒီလုပ်ငန်းခွင် မြေပြိုကျတဲ့အထဲမှာ မြေတူးစက် သုံးစီးနဲ့အတူ ယာဉ်မောင်းတွေပါ နစ်မြုပ်သွားတာဖြစ်ပါတယ်။
သေဆုံးသူ ၃ ဦးဟာ မြိုင်၊ အရာတော်မြို့နယ်တို့က လာရောက် အလုပ်ကိုင်သူတွေဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ၃၁ ရက် မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိထားပြီလို့လည်း သိရပါတယ်။ ဒါဟာ တစ်လအတွင်း နှစ်ကြိမ်မြောက် မြေပြိုကျတာဖြစ်ပြီး ပထမတစ်ခါ စပေါ့ရွာဖြစ်စဉ်မှာလည်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အခုမြေပြိုမှုမှာ နစ်မြုပ်သွားတဲ့မြေတူးစက်တွေနဲ့ တခြားပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူတွေ ထပ်ပြီး ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပုံစာ – စပေါ့ရွာမြေပြိုကျမှုဖြစ်စဉ် (ပုံဟောင်း)
ဓာတ်ပုံ – CJ