ကချင်ပြည်နယ် ၊ ဖားကန့်ဒေသမှာ တိုက် ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာကြောင့် အခုရက်ပိုင်းအတွင်း(၅)နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံပြည်သူ (၃)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
(၅) နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အခြားဒေသခံနှစ်ဦးတို့ဟာ သြဂုတ်(၃) ရက်နေ့ ညဦးပိုင်းကနေ (၄)ရက်နေ့မနက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းလက် နက်ကြီးကျရောက်ပေါက်ကွဲရာကနေ သေဆုံးခဲ့ကြရတယ်ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလော ဖားကန့်ဒေသအတွင်း ဖြစ် ပွားနေတဲ့ တိုက်ပွဲဗဟိုချက်ဟာ ရှရော်ခ၊ မျောက်ဖြူ၊ ဆန်းကြွယ်ရွာ စတဲ့ဧရိယာတွေထဲမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
ဖားကန့်ဒေသမှာ နေ့စဉ်တိုက်ပွဲတွေဖြစ် ပွားနေတာကြောင့် မည်သည့်နေရာမဆို ထိတွေ့တိုက်ပွဲတွေ ရှိလာနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လုံခြုံစိတ်ချရတဲ့ ဘေးကင်းရာနေရာတွေကို တိုက်ပွဲတိမ်းရှောင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ရှရော်ခ၊ မျောက်ဖြူ၊ ဆန်းကြွယ်ရွာတွေမှာ စစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေအပြင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တို့ကလည်း တန်ပြန်တိုက်ခိုက်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တိုက်ပွဲဇုန်အတွင်းက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာတွေဆီမှာ ယာယီပြောင်းရွှေ့ခိုလှုံနေထိုင်ဖို့ ရပ်ရွာအတွင်းက သံဃာတော်တွေ ၊ လူမှုကူညီရေးအဖွဲ့တွေက ဦးဆောင်ဆောင်ရွက်ပေးကြဖို့တောင်းဆိုတယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသဟာ ၂၀၂၅ခုနှစ် မေလမှစပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ် ကြောင်းထိုးလာတာနဲ့အတူ နယ်မြေစိုးမိုးဖို့အတွက် လုပ်ဆောင်ခဲ့ရာကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ယနေ့အချိန်အထိ နေ့စဉ်နီးပါး ဖြစ်ပေါ်နေခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒေသနေပြည်သူတွေဟာ တိုက်ပွဲတိမ်းရှောင်နေကြရသလို၊ နှစ်ဖက်စစ်ရေးကြားမှာ ပိတ်မိပြည်သူတွေရှိနေပြီးလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာကနေ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ-CJ


