Homeပြည်တွင်းသတင်းဖားကန့်ဒေသတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရပြီး ညှိနှိုင်းပေးဖို့ လာရောက်တဲ့ ကချင် PCG ခေါင်းဆောင်ကို သေနတ်နဲ့ ပစ်ခတ်

ဖားကန့်ဒေသတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရပြီး ညှိနှိုင်းပေးဖို့ လာရောက်တဲ့ ကချင် PCG ခေါင်းဆောင်ကို သေနတ်နဲ့ ပစ်ခတ်

၉ စက်တင်ဘာ၊ ၂၀၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ) နဲ့ ဂျန်ကပ်ရွာတွေမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူနှစ်ထောင်ဝန်းကျင် နေအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာရောက်တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG (Peace talk Creation Group) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ကိုလည်း စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDF တပ်ဖွဲ့တွေက စက်တင်ဘာလလ ၇ ရက်မှာ စတင် ၀ိုင်းထားပြီး ဒီနေ့ စက်တင်ဘာ ၉ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေကြပါတယ်။ “တနေ့ထဲက စ တိုက်ကြတာ ၊ ဖားကန့် ဗျူဟာကုန်းဘက်ကလည်း ပစ်နေတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း ဒရုန်းတွေ သုံးပြီး ပြန်ပစ်နေတယ်။ လက်နက်ကြီးကတော့ နှစ်ဘက်စလုံးက ပစ်နေတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ စက်တင်ဘာ ၇ ရက်မှာ ဆိုင်းတောင်ရွာက ရွာခံအမျိုးသားသုံးဦး လက်နက်ကြီးကျည်ကျရောက်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်းတောင်ရွာ အဝင်အထွက် လမ်းအားလုံးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဂျန်ကပ်ရွာမှာလည်း အင်အားတစ်ရာ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တွေ စက်တင်ဘာလ ၄ ရက်ကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်က ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာမှုတွေကို ညှိနှိုင်းဖျန်ဖြေဖို့ သွားရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG (Peace talk Creation Group) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ကျည်ဆန်ထိမှန်ပြီး ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဦးယွပ်ဇော်ခေါင်ဟာ ကချင်အမျိုးသားရေးလှုပ်ရှားသူအဖြစ်လည်း နာမည်ကြီးပြီး စစ်ကောင်စီကခန့်ထားတဲ့ လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပါတယ်။ Jade Land ကျောက်စိမ်းတူးဖော်ရေးနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ဦးယွတ်ဇော်ခေါင်ကို ငြိမ်းချမ်းရေးအကျိုး လှုပ်ရှားသူအဖြစ် ဆုတံဆိပ် ချီးမြှင့်ခဲ့ဖူးပါတယ်။

အခုလက်ရှိမှာ ဖားကန့်မြို့ အဝင်အထွက်လမ်းတွေကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီတပ်စခန်း ငါးခုပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ပုံစာ – ဦးယွပ်ဇော်ခေါင်ကို PCG ရုံးရှေ့မှာ မြင်တွေ့ရစဉ် နဲ့ ဒဏ်ရာကို ဆေးထည့်စဉ်

Photo – Forbes , Laiza Shagan

ဆက်စပ် သတင်းများ

Most read