၁ ဖေဖော်ဝါရီ ၂၀၂၆
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့် မြို့နယ်အတွင်းမှာ စစ်အာဏာသိမ်း ၅ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ မှော်လှည့်သပိတ်တစ်ရပ်ကို ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ မှော်လှည့်သပိတ်ကို ဖားကန့်မြို့ရဲ့ နေရာတစ်နေရာမှာ လုံခြုံရေးအခြေအနေကြားကပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သပိတ်ပါဝင်သူတွေက ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးကို အဓိကတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။
“ပြည်သူသာ အဓိက၊ ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ”、“အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ”、“နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်နေပြီ” စတဲ့ စာတမ်းတွေ၊ ကြွေးကြော်သံတွေကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဖားကန့်ဒေသဟာ လက်ရှိအချိန်အထိ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်ပြီး၊ အဲဒီလို လုံခြုံရေးအန္တရာယ်များတဲ့ အခြေအနေအောက်မှာပါ စစ်အာဏာသိမ်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူ့အာဏာကို မတရားအင်အားသုံး သိမ်းယူခဲ့တာဖြစ်ပြီး၊ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာတော့ အာဏာသိမ်းမှု ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုကိုဦး (ဖားကန့်)


