Homeပြည်တွင်းသတင်းဖလမ်းမြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ၂၀၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ၂၀၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

၈ ဖေဖော်ဝါရီ ၂၀၂၆

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းလဲန်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကို ဦးတည်ပြီး အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေး–ဖလမ်း လမ်းကြောင်းကို စိုးမိုးဖို့အတွက် စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းကို အသုံးပြုပြီး အင်အားထောင်နဲ့ချီကာ လေးလကျော်ကြာ စစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းတွေကို ချင်းလဲန်အစိုးရဘက်က စစ်ကြောင်း ၃ ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်လကျော်အတွင်းမှာ စစ်ကော်မရှင်ဘက်က အသေအပျောက်များပြားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က အထိနာလာတာကြောင့် လေကြောင်းကနေ ဗုံးအလုံးပေါင်းထောင်ချီ ကြဲချခဲ့သလို အသေခံဒရုန်းတွေကိုလည်း အဓိကအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ချင်းပူးပေါင်းတပ်တွေဘက်က စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းအချို့ကို ပစ်ချနိုင်ခဲ့သလို လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖလမ်းမြို့ကို ဦးတည်နေတဲ့ စစ်ကော်မရှင်တပ်တွေဟာ အသေအပျောက်များနေတာကြောင့် စစ်ကူတွေ ထပ်မံစေလွှတ်ပြီး ဆက်လက်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ ချင်းလဲန်အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ချင်းလဲန်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး