Homeပြည်တွင်းသတင်းဖယ်ခုံမှာ အောက်လမ်းဆရာဆိုတဲ့စွပ်စွဲချက်နဲ့ လူတစ်ဦးကို သတ်ဖို့ကြိုးပမ်းမှု လက်နက်ကိုင်တပ်တွေ ဝင်ရောက်ဖြေရှင်း

ဖယ်ခုံမှာ အောက်လမ်းဆရာဆိုတဲ့စွပ်စွဲချက်နဲ့ လူတစ်ဦးကို သတ်ဖို့ကြိုးပမ်းမှု လက်နက်ကိုင်တပ်တွေ ဝင်ရောက်ဖြေရှင်း

၅ မတ်လ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက လွယ်ယင်းကျေးရွာမှာ ရွာသားတစ်ဦးကို အောက်လမ်းဆရာဆိုတဲ့ စွပ်စွဲချက်နဲ့ ကျန်ရွာသားအချို့က သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ဒါကို ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့အချို့က ဝင်ရောက်ဖြေရှင်းနေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စွပ်စွဲခံရသူဟာ လွယ်ယင်းကျေးရွာ၊ မွမ်ခူကျေးရွာနေ အသက် ၅၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး သမီး ၂ ဦးရဲ့ ဖခင်ဖြစ်တယ်လို့ ဒေသခံရွာသားက ပြောပါတယ်။

“ ဒီကနေ့ ဘောလုံးကွင်းထဲမှာ အဲ့ဒီကိစ္စဖြေရှင်းကြတယ်။ ရွာသားတွေဆိုပေမယ့် လွယ်ယင်းက ရပ်ကွက် ၄ ခုစလုံး မပါပါဘူး။ အဝေးကနေ လှမ်းမြင်ရတာတော့ လူအုပ်တစ်စုတွေ့ရတယ်” လို့ ဒေသခံရွာသားက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို KNDF နဲ့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်အချို့ လာရောက် ညှိနှိုင်းခဲ့ကြောင်းလည်း သိရပါတယ်။

“KNDF၊ ကယန်းပြည်သစ်က လူတချို့ လာညှိနှိုင်းတယ်။ အဆင်ပြေသွားလား မပြေလားတော့ မသိဘူး။ သွားညှိတာကတော့ အဲ့ဒီလူကို မသတ်ဖို့ သွားညှိနှိုင်းပေးတာပါ။ ညှိနှိုင်းလို့ ရ/မရတော့ မသိရသေးဘူး။ နောက်ဆုံးကြားတာတော့ ရွာသားတွေဘက်က သေနတ်တစ်ချက်ဖောက်တယ်လို့ ကြားတယ်။ သေနတ်သံထွက်ပြီး မကြာဘူး လူစုကွဲသွားတာပဲ” လို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အဆိုပါ စွပ်စွဲခံရသူ အမျိုးသားရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ New Day Myanmar အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး