၁၆ ဇွန် ၂၀၂၅
ရှမ်း – ကရင်နီ နယ်စပ် ဖယ်ခုံမြို့၊ လအိရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇွန် ၁၆ ရက် မနက်ပိုင်းက ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း မူလတန်းကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ရဲ့ အသိပေးချက်အရ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ လအိရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တိုက်ခိုက်ခံရတာလည်းဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် မနက်ပိုင်းကလည်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာမှာရှိတဲ့ ကယန်းပြည်သစ်ဂိတ်ကို စစ်ကောင်စီလက် အောက်ခံ PNA/PNO ပြည်သူ့စစ်က ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂ ရက်နေ့ကစတင်ပြီးဖယ်ခုံအင်း အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေထဲကို အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာရှိတဲ့ကျေးရွာတွေအထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာတွေဆီတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- အင်းလေးလူထုလှုပ်ရှားမှု