Homeပြည်တွင်းသတင်းဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား လေးဦးကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာသံအမတ်ကို ထိုင်း ဖိအားပေး

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား လေးဦးကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာသံအမတ်ကို ထိုင်း ဖိအားပေး

၃ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပစ်ခတ်ဖမ်းဆီးခံထားရတဲ့ ရေလုပ်သား ၃၁ ဦးထဲက ထိုင်းနိုင်ငံသား ၄ ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ထိုင်းအစိုးရက တိုက်တွန်းလိုက်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Piyapak Sricharoen က ဓီဇင်ဘာလ ၂ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို ခေါ်ယူဆွေးနွေးတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ရုပ်သံမိန့်ခွန်းမှာ ပြောဆိုပါတယ်။

Maris ရဲ့ ပြောဆိုမှုအရ မြန်မာသံအမတ်ကြီးအနေနဲ့ နေပြည်တော်အစိုးရကို ဒီကိစ္စအပေါ် အာရုံစိုက်လာအောင် တင်ပြဖို့ သဘောတူညီခဲ့ပြီး ထိုင်းငါးဖမ်းရေလုပ်သားတွေကို ပြန်လွှတ်ပေးဖို့အတွက် တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒုဝန်ကြီးချုပ် ဦးသန်းဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက လျှို့ဝှက်စာတိုတစ်စောင်ပေးပို့ပြီး အမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ တောင်းဆိုထားပြီး ဒုဝန်ကြီးချုပ် ဦးသန်းဆွေက သူ့ကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အပြည့်အဝ ထောက်ပံ့ပေးသွားမယ်လို့ အကြောင်းပြန်ထားကြောင်း ပြောဆိုပါတယ်။ ရန်ကုန်မှာရှိတဲ့ ထိုင်းသံအမတ်ကိုလည်း နေပြည်တော်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ပြီး ဒီဖြစ်ရပ်အတွက် ဖြေရှင်းနိုင်ဖို့ ညွှန်ကြားထားတယ်လို့ Maris က ဆိုပါတယ်။

“ထိုင်းအစိုးရဘက်က လုပ်နိုင်သမျှ အကောင်းဆုံးလုပ်နေပါတယ်။ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ကျန်းမာဘေးကင်းရေးအတွက် အပြည့်အဝအာရုံစိုက်ထားပြီး သူတို့ကို ပြန်ခေါ်နိုင်ဖို့ တတ်နိင်တဲ့နည်းလမ်း၊ လမ်းကြောင်းတွေကနေ ညှိနှိုင်းနေပြီး တတ်နိုင်သမျှ အမြန်ဆုံးပြန်ရောက်အောင် ကြိုးစားနေပါတယ်”လို့လည်း ပြောဆိုပါတယ်။

မြန်မာ့ရေပိုင်နက်အတွင်းကို ၆ ကီလိုမီတာလောက် ဝင်ရောက်နေတဲ့ ငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးရာမှာ ကြောက်ရွံ့ပြီး ရေထဲခုန်ချတဲ့အတွက် အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးခဲ့ရပြီး မြန်မာစစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးသူမရှိဘူးလို့ ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ထိုင်းဝန်ကြီးချုပ်က အကြမ်းဖက်မှုကို ဘယ်လိုအခြေအနေမှာမှ အားမပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read