Homeပြည်တွင်းသတင်းပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လားရှိုးထောင်က လွတ်မြောက်သွားပြီဆိုသည့် သတင်းများထွက်ပေါ်နေပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေး

ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လားရှိုးထောင်က လွတ်မြောက်သွားပြီဆိုသည့် သတင်းများထွက်ပေါ်နေပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေး


၂၉ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးအကျဉ်းထောင်မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက အကျဉ်းထောင် ပွင့်သွားတဲ့အတွက် စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ ရိုးရိုးအကျဉ်းသားတွေ လွတ်မြောက်သွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ NLD ဗဟိုအလုပ်အမှုဆောင် ဖြစ်ပြီး ထောင်ပွင့်ချိန်ကစပြီး အခုထိ အဆက်အသွယ်မရသေးတဲ့အတွက် တော်လှန်ရေးတပ်တွေက ရှာဖွေနေတယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့လူမှုကွန်ယက်မှာ တင်ထားပါတယ်။

“ဦးထွန်းထွန်းဟိန်နဲ့ နိုင်/ကျဉ်းတချို့ကို ကျနော်တို့ရှာဖွေနေပါတယ်။ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားတော့ အကုန်လုံး လွတ်ရာ ကျွတ်ရာပြေးကြရင်း အဆက်အသွယ်လည်း သေချာမရလိုက်ပါဘူး။ ဘေးကင်းရာမှာရှိနေမယ်လို့တော့ ယုံကြည်ပါတယ်” လို့ မောင်ဆောင်းခက လူမှုကွန်ယက်မှာ တင်ထားပါတယ်။

“လွတ်သွားပြီဆိုတဲ့သတင်းပဲသိရပါတယ် အခုအချိန်အထိတော့အဆက်အသွယ်မရေးသေးပါဘူး ကျွန်တော်တို့ သိရသလောက်ကတော့ ဖိုးဖိုးကြီးတင်မဟုတ်ဘူး လားရှိုးထောင်ကလွတ်သွားတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပျောက်နေတယ် ဘယ်သူနဲ့မှအဆက်အသွယ်မရသေးဘူးလို့ သိရတယ်လို့” ဦးထွန်းထွန်းဟိန်ရဲ့ မိသားစုဝင်တစ် ဦးက New Day Myanmar ကိုပြောပါတယ်။

ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ် ၃၃ နှစ် မတရား ချမှတ်ထားတာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူဖြစ်ပါတယ်။

လားရှိုး-မူဆယ် လမ်းမပေါ်က ခလရ ၆၈ တပ်ရင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်နိုင်ပြီးနောက် လားရှိုးအကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရိုးရိုး အကျဉ်းသားတွေ လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read