၁၈ မတ်၊ ၂၀၂၅
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအသစ်စေလွှတ်တာကို ဆိုင်းငံ့ထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကနေ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံအတွက် အလုပ်ရှင် အလုပ်သမားသဘောတူ စာချုပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေနဲ့ အခြားနိုင်ငံများအတွက် Demand Letter စိစစ်ပြီး စေလွှတ်ထားတဲ့ အလုပ်သမားတွေကိုသာ စေလွှတ်နေတာဖြစ်ပါတယ်။
စေလွှတ်တဲ့နေရာမှာလည်း ကန့်သတ်လူဦးရေနဲ့ စေလွှတ်နေတာဖြစ်တဲ့အတွက် ပြည်ပထွက်အလုပ်လုပ်ကိုင်ဖို့ မသေချာတော့ဘူးလို့ အေဂျင်စီတွေကဆိုပါတယ်။
လက်ရှိမှာ ပြည်ပထွက်ခွာဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနမှာ OWIC ကတ်စောင့်ဆိုင်းနေတဲ့ အလုပ် သမား ၇၀၀၀၀ ကျော်ရှိနေပါတယ်။
အေဂျင်စီဖြင့်သော်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူအနေနဲ့သော်လည်းကောင်း ပြည်ပကို ထွက်ခွာမည်ဆိုပါက စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။
အဆိုပါ လုပ်သမားတွေအနေနဲ့ ပြည်ပထွက်အလုပ်လုပ်ကိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို ရပ်ကွက်တွေထဲမှာ အတိုးနဲ့ ချေးယူရတာဖြစ်တဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
” အေဂျင်စီကို ပေးဖို့အတွက် လိုအပ်တဲ့ငွေကြေးကို အတိုးတွေနဲ့ချေးရတာ။ အခုမထွက်ရတဲ့အခါကျတော့ ဒုက္ခဖြစ်တာပေါ့။ အောက်လမ်းနဲ့သွားရင်လည်း စိတ်မချရဘူး။ အခုတော့ အကုန်လုံးဒုက္ခရောက်နေပြီ” လို့ ပြည်ပထွက်ဖို့ပြင်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြည်ပလုပ်သားစေလွှတ်ရေးနဲ့ပတ်သက်ပြီး မူဝါဒအမျိုးမျိုးပြောင်း နေတာကြောင့် အေဂျင်စီအချို့ လိုင်စင်ပြန်အပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
Photo – Social Media