၂၃ ဖေဖော်ဝါရီ ၂၀၂၆
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ကျုံတောဝကျေးရွာအုပ်စု အင်ကြင်းကုန်းဘုန်းကြီးကျောင်းဝင်းရှိ သိမ်တစ်ခုအတွင်း မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စုံတွဲကို သာသနာရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ ပျော်ဘွယ်မြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
အဆိုပါ စုံတွဲကို ပျော်ဘွယ်မြို့မရဲစခန်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ (ပ) ၂၄ / ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးကတော့ “တရားလိုက မြို့နယ်သာသနာရေးဦးစီးဌာနပါ။ သိမ်အတွင်းထဲမှာ ဖြစ်တာဖြစ်လို့ လူအများက လက်မခံနိုင်ကြဘူး။ မပြုသင့် မပြုအပ်တဲ့ ကိစ္စတစ်ရပ်လို့ပဲ မြင်ပါတယ်” လို့ မှတ်ချက်ပြုပြောဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက အင်ကြင်းကုန်းဘုန်းကြီးကျောင်းအတွင်းရှိ သိမ်ထဲမှာ မဖွယ်မရာ ပြုလုပ်နေတဲ့ စုံတွဲကို ဆရာတော်တပါးက ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာကနေ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် လူထုအကြား ဝေဖန်ပြစ်တင်ရှုတ်ချမှုတွေ များပြားလာခဲ့သလို၊ အမျိုးသမီးရဲ့ မျက်နှာကို ဖုံးကွယ်မထားဘဲ ဖြန့်ဝေခဲ့တာဟာ လူ့အခွင့်အရေးရှုထောင့်အရ မတရားဘူးလို့ ထောက်ပြပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။


