Homeပြည်တွင်းသတင်းပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသမီးကို ထိုင်းမြန်မာနယ်စပ်မှာပဲ တွေ့ရှိ ကယ်ဆယ်

ပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသမီးကို ထိုင်းမြန်မာနယ်စပ်မှာပဲ တွေ့ရှိ ကယ်ဆယ်

၁၄ ဇန်နဝါရီ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံသား အသက် ၂၁ နှစ်အရွယ် ဝူကျားချီကို တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို ဖမ်းခေါ်ထားတဲ့နေရာမှာပဲ တွေ့ရှိပြီး ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူမရဲ့ဖခင်ဖြစ်သူက ဇန်နဝါရီလ ၁၃ ရက်မှာ မီဒီယာတွေကို အသိပေးခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေကိုလည်း သမီးဖြစ်သူကို ဘေးမသီရန်မခအောင် ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

“သတင်းတွေထွက်ပေါ်လာကတည်းက စုံစမ်းပေးခဲ့တဲ့ ရဲအရာရှိတွေနဲ့ စစ်တပ်အရာရှိတွေကို ကျွန်တော် လေးလေးနက်နက်ကျေးဇူးတင်ပါတယ်။ ကျွန်တော့်သမီးကို ရှာဖွေရာမှာ ကူညီခဲ့တဲ့ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဝမ်ရှင်းလို လူကုန်ကူးသူတွေလက်ထဲကို သမီးဖြစ်သူ ကျရောက်သွားမှာ စိုးရိမ်တဲ့အတွက် ဖခင်ဖြစ်သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်ဆီကို ဇန်နဝါရီ ၈ ရက်က တိုက်ရိုက် တရားဝင် အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်။

ဝူကျားချီဟာ ပထမဆုံးအကြိမ် ပြည်ပခရီးကိုထွက်ဖို့အတွက် ဆိုရှယ်မီဒီယာမှာ ရင်းနှီးသိကျွမ်းထားသူနဲ့ ချိန်းဆိုပြီး ဇန်နဝါရီ ၆ ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိပြီး နာရီပိုင်းအကြာမှာ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပါတယ်။ သူမကို သရုပ်ဆောင်ဝမ်ရှင်းကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာမှာ ပြန်ပြီးရှာတွေ့တာ ဖြစ်ပြီး ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သူမနဲ့မရှေးမနှောင်းပျောက်ဆုံးနေတဲ့ တရုတ်အမျိုးသားမော်ဒယ် ယန်ရဲ့ သတင်းကိုတော့ ထိုင်းရဲတပ်ဖွဲ့ဘက်က တစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံး လူကုန်ကူးခံနေရတဲ့အတွက် ဟောင်ကောင် အနုပညာရှင် Eason Chan ရဲ့ FEAR and DREAMS World Tour concert ကို လာမယ့်ဖေဖော်ဝါရီမှာ ဘန်ကောက်မှာ ကျင်းပဖို့ စီစဉ်ထားတာကိုအနုပညာရှင်ကိုယ်တိုင်နဲ့ ဝန်ထမ်းတွေ ၊ ပရိသတ်တွေရဲ့ လုံခြုံရေးအတွက် ဖျက်သိမ်းခဲ့ပါတယ်။

ဓာတ်ပုံ – Khaosod English

ဆက်စပ် သတင်းများ

Most read