နေပြည်တော်၊ ပျဥ်းမနားမြို့က ဆင်သေချောင်းဟာ ချောင်းရေမြင့်တက်လာနေတာကြောင့် အဲ့ဒီချောင်းတလျှောက်မှာရှိတဲ့ကျေးရွာတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ ဒေသခံပရဟိတအဖွဲ့တွေက သတိပေးနှိုးဆော်ထားပါတယ်။
ဒီနေ့ ဩဂုတ်၂၇ ရက် နံနက်ပိုင်းကစလို့ ညနေပိုင်းအချိန်အထိ ဆင်သေချောင်းရေ တဖြည်းဖြည်းမြင့်တက်လာနေပြီး၊ အချို့ကျေးရွာအစပ်အထိ ရေဝင်ရောက်နေပြီဖြစ်သလို ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်လည်း ရေကျော်နေတယ်လို့ ဆိုပါတယ်။
ဆင်သေချောင်းချောင်းရေမြင့်တက် နေတာကြောင့်ပျဉ်းမနားမြို့ဆင်သေချောင်း တလျှောက်က ကျေးရွာတွေဖြစ်တဲ့သကြားစက်၊ နှမ်းတော၊ ကျွန်းဦး၊ စျေးကုန်း၊ ဆင်သေကျေးရွာက ဒေသခံတွေ သတိထားရမယ့်အခြေအနေဖြစ်တယ်လို့သိရပါတယ်။
“အခုညနေပိုင်းအထိကို ရေကတဖြည်း ဖြည်းနဲ့တိုးလာတာ။ ရေတိုးလာတာမနက်ထဲကဘဲ။ လမ်းဟောင်းပေါ်မှာတော့ ကားတွေသွားလို့ နေသေးတယ်၊ လမ်းအမှတ် အသားတွေတော့ပြထားရတာပေါ့ ဆင်သေချောင်းအောက်ဘက်က ရွာတွေသတိထားနေရတော့မဲ့အခြေအနေပါ”လို့ သူကဆိုပါတယ်။
ပျဉ်းမနားဆင်သေချောင်းရေမြင့်တက်လာတာဟာ တပ်ကုန်ဘက်မှာရှိတဲ့ နဝင်းချောင်းရေနဲ့ပေါင်းပြီး၊ ဆင်သေချောင်းဘက်ကို စီးလာရာကနေ မြင့်တက်လာတဲ့သဘောဖြစ်တယ်လို့ သူက တဆက်တည်း ဆိုပါတယ်။
“ပြောရရင်တော့ အထက်ရေပေါ့။ သူကအောက်ကိုစီးလာတော့ ဒီမှာချောင်းရေမြင့်တက်လာတဲ့သဘော။ ဒီရေက စစ်တောင်းမြစ်ထဲကို ဝင်မှာပေါ့။ မိုးမရွာရင် ဆိုးဆိုးရွာရွားမဖြစ်နိုင်ပေမဲ့ မိုးပါဆက်ရွာနေရင်တော့ သတိထားရမယ်”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်၂၅ ရက်က ဗီယက်နမ် နိုင်ငံနဲ့ လာအိုနိုင်ငံအထက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တိုက်ဖွန်းမုန်တိုင်း ကာဂျိကီ ရဲ့ကြွင်းကျန်တိမ် တိုက်တွေကြောင့် ဩဂုတ်လကုန်ထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကရင်နီပြည်နယ်နဲ့ မြန်မာနိုင်ငံနေရာအနှံ့ပြားမှာ မိုးကြီးတာ၊ မြေပြိုတာ၊ တောင်ပြိုကျတာနဲ့ ချောင်းရေကြီးတာတွေဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေအထူးသတိပြုနေထိုင်ဖို့ လူထားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန (NUG)အစိုး ရက သတိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CJ


