၁၇ နိုဝင်ဘာ ၂၀၂၅
ပဲခူးမြို့မှာ Express ကားတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး မြို့တွင်းပေးမဝင်တော့တာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံနေရတယ်လို့ ပဲခူးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။
ပဲခူးမြို့မှာ အဝေးပြေးယာဥ်ရပ်နားကွင်းကို ကလိရွာဘက်ရွှေ့ပြောင်းလိုက်တာကြောင့် အဲ့ဒီကွင်းအထိသွားစီးကြရပြီး ကုန်ကျစရိတ်တွေတိုးလာတဲ့ပြင် အဝေးပြေး Express ကားတွေကိုလည်း မြို့ရှောင်လမ်းကသာ သွားလာခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။
“မြို့တွင်းပေးမဝင်တော့ ဈေးရောင်းဈေးဝယ်တွေလည်း အကုန်ကျတာပေါ့။ အဝေးပြေးကွင်းအထိသွားဖို့ ကုန်ကျ စရိတ်ကလည်းထပ်ကုန်ဆိုတော့ ပုံမှန်လက်လုပ်စားသမားတွေအဖို့ အခက်တွေ့တာပေါ့။ အခု အိုးဝေခတို့ ဆိုင်ကယ်ခတွေကလည်း အဲ့ဒီဘက်ထိသွားရင် ငါးထောင်အထက် မပေးရင်မလိုက်ကြဘူး” လို့ ပဲခူးမြို့နေသူ အမျိုးသားတဦးက New Day Myanmar ကိုပြောပါတယ်။
ဒါ့အပြင် ပဲခူးမြို့ပေါ်မှာ အိုးဝေ၊ Hijet နဲ့ ဆိုင်ကယ်ကယ်ရီတွေကလည်း စျေးအဆမတန်ပေးနေရတဲ့အပြင် စုပေါင်းတင်ပြီးသွားရင် တယောက်ကို ကျပ်နှစ်ထောင်အနည်းဆုံးပေးရတယ်လို့ဆိုပါတယ်။စင်းလုံးငှားစီးမယ်ဆိုရင် ကျပ်တစ်သောင်းနဲ့အထက်ကျသင့်တယ်လို့ သိရပါတယ်။
“ဒါက အစိုးရပေါ်လစီ ဘယ်လိုမှရှောင်လွှဲလို့မရဘူးလေ။ ရန်ကုန်မှာဆို ဘယ်လိုလုပ်မလဲ အောင်မင်္ဂလာကားဝန်းအထိ သွားစီးရတာရှိတယ်၊ ဧရာဝတီတိုင်းဘက်ဆိုရင် လှိုင်သာယာအထိသွားစီးကြရတယ်။ အချိန်ကြိုထွက်နိုင်လို့ ဘတ်စ် ကားစီးရင်စီး မစီးရင်တော့ အနည်းဆုံး နှစ်သောင်းလောက်က တက္ကစီစရိတ်ထဲပါတာဘဲ”လို့ ရန်ကုန်နေသူတဦးက ဆိုပါတယ်။
ပဲခူးမြို့ထဲ ခရီးသည်တင် Express ကားတွေဝင်ခွင့်မပြုတာကြောင့် ခရီးစဥ်ကြန့်ကြာတာ ကုန်ကျစရိတ် ပိုကုန်တာတွေပါကြုံနေရပြီးလက်လုပ်လက်စားတွေ စားဝတ်နေရေးအတွက် အလုပ်သွားလုပ်ဖို့တောင် ဘယ်သွားသွား ကားငှားရမ်းခစျေးကြီးနေတာကြောင့် စားဝတ်နေရေးအတွက်ပါ ထိခိုက်နေတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။


