Homeပြည်တွင်းသတင်းပုပ်ရဟန်းမင်းကြီးရဲ့နှစ်သစ်ကူးဆုတောင်းပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ထည့်သွင်းဆုတောင်း

ပုပ်ရဟန်းမင်းကြီးရဲ့နှစ်သစ်ကူးဆုတောင်းပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ထည့်သွင်းဆုတောင်း

၂ ဇန်နဝါရီ၊ ၂၀၂၅

ဇန်နဝါရီလ ၁ ရက်က ဗာတီကန်စီးတီး၊ စိန့်ပီတာရင်ပြင်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ့ငြိမ်းချမ်းရေးအတွက်လည်း ထည့်သွင်းပြီး ဆုတောင်းခဲ့ပါတယ်။

ဒီဆုတောင်းပွဲမှာ ကမ္ဘာတလွှားက ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာအပါအဝင် ယူကရိန်း၊ ဂါဇာ၊ အစ္စရေး နဲ့ ကွန်ဂိုအရှေ့ခြမ်းက ကီဗူဒေသတွေဟာ ကာလရှည်ကြာအကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ခံစားခဲ့ရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ဆင်ခြင်သုံးသပ်ပြီး စစ်ပွဲဇုန်တွေမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးခဲ့သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထည့်သွင်းပြောဆိုပါတယ်။

နှစ်သစ်ကူးဆုတောင်းပွဲမှာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေရဲ့ ကြွေးမြီတွေကို ပယ်ဖျက်ပြီး ဖြေလျော့ပေးကြဖို့ကိုလည်း ကမ္ဘာ့ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။ “ကြွေးမြီတွေကို အလေးထား၊ ခွင့်လွှတ်ခြင်းသည် ငြိမ်းချမ်းရေးအတွက် ခိုင်မာသောလမ်းကြောင်းတစ်ခုဖြစ်သည်” လို့ သူက ဆိုပါတယ်။

စိန့်ပီတာရင်ပြင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ ဆုတောင်းပွဲမှာလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်က လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး ဗာတီကန်မှာ ခိုလှုံခွင့်ပေးလိုကြောင်း တရားဝင်ကမ်းလှမ်းဖူးသလို မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေအတွက် မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်။

(Ref: Catholic News Agency)

Photo – Vatican Media

ဆက်စပ် သတင်းများ

Most read