ပုဂံနဲ့ ပုပ္ပါးသွားတဲ့ လမ်းပိုင်းမှာ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဘုရားဖူး ဇနီးမောင်နှံ၂ ဦး ယနေ့အထိ အဆက်အသွယ်မရဘဲ ထပ်မံပျောက်ဆုံးနေတယ်လို့ ပုဂံဒေသခံတဦးက ပြောပါတယ်။
“ဖြစ်စဉ်ကဟုတ်တယ်။ သူတို့က အဲ့ဒီနေ့မှာပြန်မှာ ပုဂံဟိုတယ်မှာတည်းပြီးတော့ မပြန်ခင် ပုပ္ပါးဘက်ကို ဆိုင်ကယ်ငှားပြီးနှစ်ယောက်တည်း ဘုရားသွားကြတာ။ အဆက်အသွယ်မရဘဲ ပျောက်နေတာဗျ။ သက်ဆိုင်ရာကလည်း လိုက်စုံစမ်းနေတယ်။ မထူးခြားသေးဘူး”လို့ ဆိုပါတယ်။
အဲဒီ ဇနီးမောင်နှံ၂ ဦးဟာ အသက်အပိုင်း အခြားအရ အသက် ၃၀ ကျော်တွေလို့သိရပြီး ၊ ငွေကြေးအဆင်ပြေတဲ့ အခြေအနေမှာရှိတဲ့သူတွေလို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဒီဇင်ဘာနှစ်သစ်ကူးကျောင်းပိတ်ရက်ရှည်ကာလ ပုဂံကို ခရီး သွားမယ့်သူအချို့ဟာ လုံခြုံရေးအခြေအနေတွေကြောင့် အခုရက်ပိုင်းမှာ ခရီးသွားပါးတယ်လို့ဆိုပါတယ်။
“ခရီးသွားပါးသွားတယ်။ ဘုရားဖူးတာချင်းအတူတူ မွန်ပြည်နယ်ဘက်ကို ဘုရားဖူးသူတွေပုံကျကုန်တယ်။ အချို့ဆို ပုဂံကိုလာနေရင်းကနေ မလာတော့ဘဲ ပြင်ဦးလွင်တို့ ၊ ကလောဘက်တို့ကို ဘဲ သွားကြတော့တယ်”လို့ နောက်ထပ်ဒေသခံယာဉ်မောင်းတဦးက ရှင်းပြပါတယ်။
ပုဂံ-ညောင်ဦး-ပုပ္ပါးဘက်မှာ ဘုရားဖူးလာရင် အခုလိုပျောက်ဆုံးနေကြတဲ့ သတင်းတွေကြောင့် ဘုရားဖူးခရီးသွားတွေ အကြား စိုးရိမ်မှုလည်းမြင့်တက်နေပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့ကနေ ပုဂံဘုရားဖူးသွားကြတဲ့ မိသားစုတစုဟာ ဒီဇင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီကျော်မှာ ပုဂံမြို့သစ်အနီး ပုဂံ-ချောက်လမ်းမဘေးက မှန်ဘုရားလို့သိကြတဲ့ စေတနာကြီးဘုရားဝင်းအနီး လက်နက်ကိုင်လူတစ်စုရဲ့ဖမ်းဆီးတာခံခဲ့ရတာလို့ သိရှိရပါတယ်။
အဲဒီ ပြန်ပေးဆွဲခံရတဲ့ မိသားစုတစ်စုဟာ ပြန်ပေးငွေ ကျပ်သိန်း ၁ ထောင်ပေးခဲ့ရပြီး နောက်တရက်မှာပဲ လွတ်မြောက်လာပြီဖြစ်တယ်လို့လည်း ဘီဘီစီရဲ့သတင်းတရပ်အရ သိရပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


