၂၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်ကနေ ပုဂံကို အလည်အပတ်သွားရောက်ခဲ့တဲ့ ရှေ့နေတစ်ဦးအပါ ခရီးသွားအဖွဲ့တစ်ဖွဲ့ ပျောက်ဆုံးနေပြီး ၁၀ ရက်ကျော်ကြာတဲ့အထိ အဆက်အသွယ်ပြန်မရသေးကြောင်း ယင်းရှေ့နေနဲ့ နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရပါတယ်။
ပျောက်ဆုံးနေသူမှာ ကိုကြည်ချမ်းငြိမ်း ဆိုသူဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ ဂျပန်နိုင်ငံမှာ နေထိုင်သူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။
ခရီးစဉ်အတွင်း Alphard ယာဉ်တစ်စီးနဲ့ ယာဉ်မောင်းတစ်ဦး၊ ဧည့်သည်နှစ်ဦး စုစုပေါင်း လူလေးဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်ကနေ ပုဂံကို စတင်ထွက်ခွာခဲ့ပြီး ပုဂံရှိ Heritage ဟိုတယ်မှာ တည်းခိုခဲ့ကြသလို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပုဂံ၊ ညောင်ဦးဒေသအတွင်း အလည်အပတ်လည်ပတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ထပ်မံအလည်အပတ်ထွက်သွားပြီးနောက်ပိုင်းကစပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
“ပထမတော့ ဖုန်းခေါ်လို့ဝင်သေးပေမယ့် မကိုင်ဘူး။ နောက်တစ်ကြိမ် ထပ်ဆက်တော့ ဖုန်းစက်ကိုပါ ပိတ်သွားတယ်။ အခုတော့ လူပျောက်ကြေညာပြီး တိုင်ချက်ဖွင့်ထားပါတယ်” လို့ ရှေ့နေနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း ပုဂံ–ညောင်ဦးဒေသကို ဘုရားဖူးအလည်အပတ်သွားခဲ့တဲ့ မိသားစုတစ်စုအပါအဝင် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးတာကြောင့် ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
လတ်တလောအချိန်ထိ ပျောက်ဆုံးနေသူများ၏ တည်နေရာနှင့် အခြေအနေကို အတိအကျ မသိရသေးဘဲ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်


