၂၆ ဒီဇင်ဘာ၊ ၂၀၂၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရေမြောင်းတူးရင်း တွေ့ရှိတဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းကို သက်ဆိုင်ရာကို မအပ်နှံဘဲ အရည်ကျိုကာ ရောင်းစားခဲ့သူတွေကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၆ရက် သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၀ရက်က ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းမှာ ရေမြောင်းဖောက်လုပ်တဲ့လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဦးညိုနဲ့ အလုပ်သမား ၁၃ ဦးဟာ ရေမြောင်းတူးနေရင်း မြင်းကပါရွာမှာ ရွှေလက်ကောက်၊ ရွှေဘယက်နဲ့ ရွှေလုံးတွေပါတဲ့ မြေအိုးတစ်ခုကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၉ ရက်မှာ သူတို့ထဲက အလုပ်သမား ၃ဦးကို ဖမ်းဆီးမေးမြန်းချိန်မှာ သုံးဦးထဲက နှစ်ဦးဆီမှာ ရွှေထည်တချို့ တွေ့ရှိခဲ့ပါတယ်။ နောက်ဆက်တွဲစစ်ဆေးတဲ့အခါမှာ ဦးညိုနဲ့ ပန်းရန်အလုပ်သမား ကိုအောင်ဖြိုးတို့က ရွှေထည်တွေကို ငွေကျပ် သိန်း ၁၅၀၀ နီးပါးဖိုး ရောင်းချခဲ့ပြီး ကျန်တဲ့အလုပ်သမား ၁၂ ဦးကိုလည်း တစ်ဦးကို ကျပ်သိန်း ငါးဆယ်စီ ခွဲဝေပေးခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေက ဖော်ပြထားပါတယ်။
“တွေ့တဲ့အထဲ ရွှေ ငါးပိဿာလောက်ရှိတဲ့ ဆင်းတုလည်း ပါတယ်။ အရည်ကျိုပြီး ခွဲရာက အဝေမတည့်ဖြစ်ပြီး ရဲက သိသွားပြီး လာဖမ်းတာ။ ခု အဲ့ဒီဆင်းတုတော့ သူတို့ အပ်ထားတဲ့ဘုန်းကြီးကျောင်းကနေ ရဲက လာသိမ်းသွားပြီ။ ကျန်တဲ့ဟာတွေလည်း သူတို့ သိမ်းထားတယ်။ ဘုရားဆင်းတုက ရဲစခန်းထဲလည်း စာရင်းမရှိတော့ဘဲ စစ်တပ်နဲ့ရဲလက်ထဲ ပျောက်သွားပြီ” လို့ ပုဂံဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရှေးဟောင်းရွှေထည်ပစ္စည်း တွေ့ရှိတာကို တာဝန်ရှိသူတွေဆီ မအပ်နှံတဲ့အတွက် ဖမ်းမိထားသူ သုံးဦးနဲ့ ဖမ်းဆီးဖို့ ကျန်ရှိနေသူတွေကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖမ်းဆီးအရေးယူမယ်သွားလို့ စစ်ကောင်စီဘက်က ပြောဆိုပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ တူးဖော်ရရှိတဲ့ပစ္စည်းအရေအတွက်၊ သိမ်းဆည်းရမိတဲ့စာရင်းအရေအတွက်နဲ့ ဒေသခံတွေပြောဆိုတဲ့ ရွှေ ၅ ပိဿာကျော်တဲ့ဆင်းတုတို့ကို ဖော်ပြထားခြင်းမရှိပါဘူး။
ပုံစာ – ဌာပနာဖောက်ခံရတဲ့ပုဂံဘုရားတွေကို စစ်ဆေးစဉ်(ပုံဟောင်း)