Homeပြည်တွင်းသတင်းပိုမိုတိုးတက်ပြီးကျစ်လျစ်တဲ့အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်နဲ့ အခြေခံစုဖွဲ့မယ်လို့ NUG ပြော

ပိုမိုတိုးတက်ပြီးကျစ်လျစ်တဲ့အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်နဲ့ အခြေခံစုဖွဲ့မယ်လို့ NUG ပြော

၂၉ ဇူလိုင် ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ ​NUG အနေနဲ့စွမ်းဆောင်ရည် ပိုမိုတိုးတက်ပြီး ကျစ်လျစ်တဲ့အစိုးရအဖွဲ့ကို ကဏ္ဍကြီး ၆ ရပ်နဲ့ အခြေခံစုဖွဲ့သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီကနေ့ ဇူလိုင်၂၉ ရက်မှာ ထုတ်ပြန်တဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်း အစီအစဉ် ၁၄/၂၀၂၅ မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် NUG မှာ ကိုယ်စားပြုပါဝင်တာတွေ မြင့်တက်လာ‌ရေး ပြုပြင်ပြောင်းလဲဖို့ လေ့လာဆန်းစစ် အကြံဉာဏ်များ ရယူနေပြီး၊ အုပ်ချုပ်ရေးအနေနဲ့ တိုင်း သို့မဟုတ် ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအစိုးရအဖွဲ့တွေ ပေါ်ပေါက်လာဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“အမျိုးသားညီညွတ်ရေး အစိုးရကို စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့နဲ့ ကိုယ်စားပြုပါဝင်မှု ပိုမိုမြင့်တက်စေဖို့အတွက် ယခုထက်ပိုမိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း လေ့လာဆန်းစစ်သုံးသပ်လျက်ရှိသလို ကဏ္ဍအလိုက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ စုဆောင်းလျက်ရှိနေပါတယ်။” လို့ ဆိုပါတယ်။

ကဏ္ဍကြီး ၆ ရပ်နဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ ထည့်သွင်းပြောကြားတာမရှိပါဘူး။

ဒါအပြင် ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၅ နှစ်တာ ကာလကို ချဉ်းကပ်ဝင်ရောက် လာခဲ့ပြီဖြစ်သလို လွန်ခဲ့သော ၅ နှစ်ခန့်ကနဲ့ မတူညီတဲ့ အခြေအနေအခင်း အကျင်းတွေလည်း ပေါ်ပေါက်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလို ပြောင်းလဲနေတဲ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီသော ပြည်ထောင်စုအစိုးရတရပ်အဖြစ် မိမိကိုယ်ကို လေ့လာသုံးသပ်ဖို့နဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်း လဲမှုတွေ ပြုလုပ်ဖို့ကို နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်အပါ အဝင် အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်တွေ အားလုံးအနေနဲ့ နားလည်သဘောပေါက်ထားပါတယ်” လို့ ဦးနေဘုန်းလတ်က သတင်း စကားပြောကြားခြင်း အစီအစဉ်မှာထည့်သွင်းပြောကြားသွားပါတယ်။

ဓာတ်ပုံ- PVTV

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး