မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အစပ်မှာရှိတဲ့ ပိုင်ရပ်ရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ်တလုံးကို စစ်ကောင်စီက ဇွန်လ ၉ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကလပ်စတာဗုံးကို အသုံးပြုခဲ့တယ်လို့ မြန်မာကာကွယ်ရေးနှင့် လုံခြုံရေး အင်စတီကျူ့ MDSI က ဖော်ပြပါတယ်။
ဗုံးကြဲခံရတဲ့ ဧရိယာတဝိုက်မှာ ကျန်ရစ်ခဲ့တဲ့ ဗုံးခွံအစိတ်အပိုင်းတွေဟာ စစ်ကောင်စီ ကပစ-၂၁ ကထုတ်လုပ်တဲ့ MAB 26 C 6 Cluster Bomb အမျိုးအစား ဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူနေရာတွေကို ဦးတည်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာနိုင်ငံတကာက ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးတွေကို ပိုမိုအသုံးပြုလာတာကိုတွေ့ရတယ်လို့ MDSI က ဖော်ပြထားပါတယ်။