၈ ဖေဖော်ဝါရီ ၂၀၂၇
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ ရှီယိုက်ဗလီတစ်ခုအတွင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ဝတ်ပြုနေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော် သေဆုံးကာ ၁၆၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
PIMS ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၆၉ ဦးထဲက ၃၀ ဦးခန့်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ အတည်ပြုထားပါတယ်။
ပေါက်ကွဲမှုဟာ အစ္စလာမ်မာဘတ်မြို့အစွန်ပိုင်းရှိ Khadija Tul Kubra ရှီယိုက်ဗလီမှာ သောကြာနေ့ ဝတ်ပြုသူ ၄၀၀ ကျော် စုဝေးနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗလီအတွင်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို အသုံးပြု ဖောက်ခွဲခဲ့တာကြောင့် ဗလီခန်းမဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့ကတော့ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီက ဒီတိုက်ခိုက်မှုကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု” အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ တရားဝင် ပြောဆိုထားပါတယ်။
အစ္စလာမ်မာဘတ်မြို့တော်အတွင်း လုံခြုံရေးအဆင့်ကို အမြင့်ဆုံးအဆင့် (High Alert) သတ်မှတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ် ပီရှာဝါဗလီ ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း ပါကစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။


