တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်နိုင်ဖို့ အတွက် အလုပ်သမားမှတ်ပုံတင် ပန်းရောင်ကတ်ထုတ်ပေးတာကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရရဲ့ ကြေညာချက်ဟာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ထိခိုက်နစ်နာမှု ကြီးမားတယ်လို့ ထိုင်းက မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းမယ့် မူဝါဒတွေထဲမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်နိုင်အောင် မှတ်ပုံတင်ပေးမယ့်အစီအစဉ်ပါဝင်ပါတယ်။
မူလက အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်နိုင်မယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပေမယ့် အခုတော့ ယာယီရပ်ဆိုင်းလိုက်တာပါ။
အခုလို ကြေညာတာဟာ ထိုင်းမှာရောက်ရှိနေပြီး တရားဝင်အလုပ်လုပ်ခွင့် စောင့်ဆိုင်းနေတဲ့ သိန်းနဲ့ ချီတဲ့ မြန်မာအလုပ်သမားအတွက် သက်ရောက်မှုကြီးကြီးမားမားရှိလာနိုင်တာဖြစ်ပါတယ်။
“ကျွန်တော်အလုပ်သမားအရေးဆောင်ရွက်နေတဲ့ နှစ် ၂၀ လောက် ကာလအတွင်းမှာ ထိုင်းအစိုးရက အခုလို ယာယီရပ်ဆိုင်းတယ်လို့ ကြေညာတာ တခါမှ မဖြစ်ခဲ့ဖူးဘူး။ ရက်ရွေ့ဆိုင်းတယ်ဆိုတာမျိုးပဲရှိခဲ့တယ်။ အခုလို ရပ်လိုက်တော့ မြန်မာတွေအတွက် အရမ်းကို အန္တရာယ်လည်းများသလို နစ်နာပါတယ်။”လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီရဲမင်းက New Day Myanmar ကိုပြောပါတယ်။
ဒါဟာ မြန်မာစစ်ကော်မရှင်က ထိုင်းရောက်မြန်မာနိုင်ငံသားတွေပိုပြီး အကြပ်အတည်းနဲ့ ရင်ဆိုင်ရစေဖို့ လုပ်ဆောင်ချက်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် သိန်းနဲ့ ချီတဲ့ မြန်မာအလုပ်သမားတွေဟာ ပန်းရောင်ကတ်ပြုလုပ်ဖို့အတွက် ပွဲစားတွေကို ပိုက်ဆံကြိုတင်ပေးထားကြရတာဖြစ်တဲ့အတွက် အခုလို ဖြစ်စဉ်မှာ မြန်မာအလုပ်သမားတွေရဲ့ ပိုက်ဆံ ဘတ်သန်းပေါင်းများစွာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်တယ်လို့ လည်းဆိုပါတယ်။
“ပွဲစားတွေဆိုတာ အလုပ်သမားတွေဆီက ပိုက်ဆံကို ယူပြီး ပြန်ပေးတာမဟုတ်ဘူး။ ထပ်တောင်းတာပဲ လုပ်ကြတာဆိုတော့ အလုပ်သမားသိန်းနဲ့ချီပြီတကယ်နစ်နာစေပါတယ်။’လို့ အေအေစီရဲမင်းက ဆက်ပြောပါတယ်။
ထိုင်းအစိုးရက ပန်းရောင်ကတ်ပြုလုပ်တာရပ်ဆိုင်းတယ်လို့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာ ကြေညာပြီးချိန်မှာပဲ ညနေပိုင်းမှာ မြန်မာပြည်ကနေ ထိုင်းအရောက်ပန်းရောင်ဘတ် လုပ်ခအပါ တဦးကို ကျပ်သိန်း ၈၀ ငွေလက်ငင်းပေးပြီး ခိုးနေကြရတဲ့ မြန်မာပြည်သား
လူဦးရေ ၁၃၁ ဦးကို ဒီနေ့ ညနေ ၃ နာရီထိုင်းနိုင်ငံ စာမွတ်ဆာခွတ်ခရိုင် မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတခုမှာ ထိုင်းအာဏာပိုင်တွေ ၀င်ရောက်ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။
ပုံစာ – ပန်းရောင်ကတ်ထုတ်ပေးမှု ရပ်ဆိုင်းကြောင်းကြေညာပြီးနောက် မဟာချိုင်မှာ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများ
ဓါတ်ပုံ – အေအေစီရဲမင်း


