၆ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ဖို့အတွက် ပတ်စ်ပို့ပြုလုပ်ခွင့်ရပ်ဆိုင်းသွားဖို့ စီစဉ်နေတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းအသက် ၁၈ နှစ်မှ ၃၅နှစ် အတွင်းအကျုံးဝင်တဲ့ အမျိုးသားတွေကို ပြည်ပထွက်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။
“ဘယ်နေ့ပိတ်မယ်ဆိုတာတော့ မပြောတတ်ဘူး။ ပတ်စ်ပို့ရုံးတွေပိတ်မှာ။ အဓိက ပြည်ပကိုမထွက်စေချင်လို့။ တချို့ကရှိတယ် PJ ကိုပိတ်ရင် PV ကိုပြောင်းတယ်။ အဲဒါကြောင့် ရပ်လိုက်တာ” လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
“လက်ရှိက အားလုံးပိတ်မှာ။ နောက်ပိုင်းကျမှ သူတို့ကန့်သတ်ချက်နဲ့ ပြန်လုပ်မယ်ပြောတယ်” လို့၎င်းကဆက်လက်ပြောကြားပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ၂၀၂၂ခု နှစ်၊ ဒီဇင်ဘာလမှာပိတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မှာပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး Online Booking စနစ်သစ်ဖြင့်သာ ရက်ချိန်းရယူခြင်းကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ Online Booking စနစ်နဲ့ရက်ချိန်းရယူရာမှာ မေလအထိရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
“မနက်က ပွဲစားနဲ့ ပတ်စ်ပို့သက်တမ်းတိုးဖို့သွားလုပ်တာ။ မလုပ်ပေးတော့ဘူး။ ပတ်စ်ပို့ရုံးတွေပိတ်မှာမို့လို့ မလုပ်ပေးတော့ဘူးတယ့် ပွဲစားကပြောတယ်” လို့ ပတ်စ်ပို့သက်တမ်းတိုးသူတစ်ဦးက ဆိုပါတယ်။
လူငယ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကိုထွက်ခွာနေကြတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ နည်းပေါင်းစုံကနေ တားနေတဲ့အတွက် တရားမဝင်နည်းလမ်းကနေ ပြည်ပထွက်ခွာနေကြပါတယ်။