ရှမ်းပြည်တောင်ပိုင်းက ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာနဲ့ သိမ်းကုန်းကျေး ရွာမှာ တောင်ကျချောင်းရေကြောင့် လူနေအိမ်တွေမျောပါခဲ့ရသလို လူသေ ဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မနေ့က ဇူလိုင် ၂၇ ရက်နေ့ ညပိုင်းမှာမိုးရွာသွန်းရာကနေ တောင်ကျရေဆင်းလာတာကြောင့် အဲဒီကျေးရွာက နေအိမ် ၇၀ နီးပါးရေထဲမျောပါပြီးတော့ လူ ၆ ယောက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူအချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
အဲဒီထဲကနေ ကုန်းစောင်းကျေးရွာက အိမ်ခြေ ၅၀ ဟာရေတိုက်စားတာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၈ ရက်မှာ ရှမ်းတောင် ရွာငံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ မြိုင်ရွာတကြောမှာလည်း ရေမြင့်တက်လာတာကြောင့် ကားတွေ ဖြတ် သန်းသွားလာလို့ မရဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
အခု ဇူလိုင်လအတွင်းမှာ ရှမ်းပြည်နေရာအနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လောက်ကိုင်၊ မိုင်းပေါက်၊ ပန်ဆန်း၊ တာချီလိတ်၊ ကလော၊ ပင်းတယ စတဲ့မြို့နယ်တွေမှာ တောင်ကျရေနဲ့အတူ ရေကြီးရေလျှံတာတွေကြောင့် လူနေအိမ် ပျက်စီးတာတွေရှိနေသလို လူသေဆုံးမှုလည်း မြင့်တက်လာနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ- CJ


