Homeပြည်တွင်းသတင်းပင်လောင်း- ဖယ်ခုံက အရပ်သား၂၀၀ ကျော်ကို စစ်ကောင်စီ စစ်ကြောင်း ဖမ်းဆီးထား

ပင်လောင်း- ဖယ်ခုံက အရပ်သား၂၀၀ ကျော်ကို စစ်ကောင်စီ စစ်ကြောင်း ဖမ်းဆီးထား

၁၃ နိုဝင်ဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာက ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ ၂၀၀ ကျော်ကို ပင်လောင်း-ဖယ်ခုံမြို့နယ်တကြောမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီး ထားတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူ ၂၀၀ ကျော်ကို ​ ပင်လောင်းမြို့ အားကစားရုံအတွင်း ဖမ်းဆီးထားတယ်လို့ သိရပြီး ဖမ်းဆီးခံထားရသူတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာနဲ့ အမျိုးသား ဦးရေ၊ အမျိုးသမီးဦးရေ ဘယ်လောက်ပါဝင်နေတယ်ဆိုတာကို KNDF က စုံစမ်းနေတယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပင်လောင်း-ဖယ်ခုံ ကြားမှာရှိတဲ့ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်က လူနေအိမ်များအား ဖောက်ထွင်း လုယက်တာ၊ မီးရှို့တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ KNDF က ပြောဆိုပါတယ်။

စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) မက လုပ်ဆောင်ခဲ့ပြီး ​ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

Photo – KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်စပ် သတင်းများ

Most read