Homeပြည်တွင်းသတင်းပခုက္ကူတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက Y-12 လေယာဥ်တွေအတက်အဆင်း လုပ်နေတဲ့ ပခုက္ကူလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်

ပခုက္ကူတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက Y-12 လေယာဥ်တွေအတက်အဆင်း လုပ်နေတဲ့ ပခုက္ကူလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်

ဇူလိုင် ၂၀၂၅

ပခုက္ကူတော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ Y-12 တိုက်လေယာဥ်တွေ အတက်အဆင်း လုပ်နေတဲ့ ပခုက္ကူလေဆိပ်ကို ယနေ့က ဇူလိုင်၅ ရက် မနက်ပိုင်းမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ခိုက်ရာမှာ လေယာဥ်ကွင်းအတွင်းကို ရော့ကတ် ၁၀ လုံးနဲ့အတူ ၆၀ မမ လက်နက်ကြီးတွေကိုပါ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းပျက်ဆီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေခဲ့သလို ဆုံး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နိုင်ဖို့ စစ်ကောင်စီက ပခုက္ကူလေယာဥ်ကွင်းကို မနှစ်ကတည်းကအပြီးသတ်ပြင်ဆင်ခဲ့တာဖြစ်ပြီး လေယာဥ်တွေ ဆင်းသက်ပျံသန်းနေပြီလို့လည်း သိရပါတယ်။

ပခုက္ကူလေယဉ်ကွင်းကနေ Y12အမျိုးစားတိုက်လေယာဥ်တွေအပြင် စက်တ​ပ်လေထီးတွေနဲ့ မြစ်ခြေ၊ ကမ္မ၊ ရေစကြို၊ မြိုင်စတဲ့ နယ်မြေတွေက အရပ်သားတွေကို နေ့စဥ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း Cobra One က ထုတ်ပြန်ထာပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေရှိရာဆီကို လေယာဥ်ကွင်းစောင့် စစ်ကောင်စီတပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ အတူ ပခုက္ကူမြို့နယ်တပ်ရင်း ၁ ပကဖ၊ coloun 1 ၊ BA NYEIN GUERRILLA FORCE ၊ ခရိုင် ပကဖ တပ်ခွဲ (၅)ဧရာဒေါင်း နယ်မြေ (၁)ကာကွယ်ရေး Ploplo young force၊ ဒေါင်းညီနောင် (PKU)၊ Soutthern(YSO) ၊ Yesagyo Revolution Group(YRG)၊ ပြည်သူအားမာန် (YSO) နဲ့ King Cobra တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ပခုက္ကူလေယာဥ်ကွင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေစဥ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး