Homeပြည်တွင်းသတင်းနှစ်သစ်ကူးကာလမှ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဒိန်းမတ်နိုင်ငံ သံရုံးတွေက မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးလက်တွဲသွားမယ်လို့ ကတိပေး

နှစ်သစ်ကူးကာလမှ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဒိန်းမတ်နိုင်ငံ သံရုံးတွေက မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးလက်တွဲသွားမယ်လို့ ကတိပေး

၁ ဒီဇင်ဘာ၊ ၂၀၂၄

၂၀၂၅ နှစ်သစ်ကူးပြောင်းကာလအတွက် မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးအများအပြားက နှစ်သစ်ဆုတောင်းစကား ပြောဆိုခဲ့ပြီး ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဒိန်းမတ်နိုင်ငံ သံရုံးတွေက မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးလက်တွဲသွားမယ်လို့ ကတိပေးစကားပြောဆိုခဲ့ပါတယ်။

ဗြိတိသျှသံရုံး၊ရန်ကုန် အကြီးအကဲ Ken O’ Flaherty က ၂၀၂၅ ခုနစ်မှာလည်း မြန်မာပြည်သူပြည်သားတွေနဲ့အတူဆက်ပြီး လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“(၂၀၂၄) ခုနှစ်က မြန်မာပြည်သူပြည်သားများအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းခြင်းဥပဒေကို ရက်စက်စွာစတင်ကျင့်သုံးခြင်းကအစ နေ့စဉ်သုံးကုန်ပစ္စည်းစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းနဲ့ အသက်အိုးအိမ်ထိခိုက်စေတဲ့ရေကြီးရေလျှံမှုတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ စီမံခန့်ခွဲမှုလွဲမှားခြင်းတွေကို ပြည်သူတွေရဲ့ နေ့စဥ်ဘဝမှာ တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ပဋိပက္ခများလည်း လေးနှစ်တာကြာမြင့်လာပြီး ကျွန်တော်တို့သိရှိထားတဲ့အချက်အလက်များအရ စစ်တပ်အာဏာသိမ်းတဲ့ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အရပ်သားပြည်သူအနည်းဆုံး (၆,၀၀၀) နီးပါး သေဆုံးခဲ့ရပါတယ်။ ဒါဟာ တကယ့်ကို ကြောက်မက်ဖွယ်အခြေအနေပါပဲ။ သြဂုတ်လ နဲ့ အောက်တိုဘာလအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုများဟာ စစ်တပ်အာဏာသိမ်းကတည်းက အမြင့်ဆုံးအရေအတွက်ကိုရောက်ရှိခဲ့ပါတယ်။ ကုလသမဂ္ဂမှာ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သလိုပဲ ယူကေအစိုးရက ၄င်းလေကြောင်းတိုက်ခိုက်ခြင်းများကို ပြတ်ပြတ်သားသားရှုတ်ချပါတယ်” လို့ ပြောဆိုပါတယ်။

“အခုလိုအကြမ်းဖက်မှုတွေကြားကပဲ မျှော်လင့်စရာ အရာတချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းက ဒေသခံပြည်သူများနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အချင်းချင်းထောက်ပံ့ပေးကြပြီး အကာအကွယ်ပေးရန်အလိုအပ်ဆုံးသူတွေကို ပဋိပက္ခ၊ နေရပ်စွန့်ခွာပြောင်းရွှေ့မှုတွေအပြင်ရာသီဥတုဒဏ်ထိတ်လန့်မှုတွေကြားမှာ ပြန်လည်ထူထောင်နိုင်ဖို့ နဲ့ အကူအညီပေးနိုင်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြပါတယ်။ကျွန်တော်တို့ ဗြိတိသျှသံရုံးရန်ကုန်အနေနဲ့ကလည်း အခုလိုခက်ခဲတဲ့ကာလအတွင်း မြန်မာပြည်သူတွေကိုကူညီပံ့ပိုးပေးတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာဖြစ်ပါတယ်။

ပြင်းထန်တဲ့တိုင်ဖုန်း ယာဂီကြောင့် ထိခိုက်ခဲ့ရတဲ့ ရေဘေးဒဏ်သင့်လူမှုအသိုက်အဝန်းတွေအတွက် စတာလင်ပေါင် (၅) သန်း ကူညီပေးအပ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများအပါအဝင် ဒေသအခြေပြုပံ့ပိုးမှုများအတွက်လည်း စတာလင်ပေါင် (၃၆) သန်းကူညီပေးနိုင်ခဲ့ပါတယ်” လို့လည်း သူက ပြောကြားသွားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သတ်ပြီး သူက လွန်ခဲ့တဲ့နှစ်က ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းများနှစ်ကြိမ်ချမှတ်ခဲ့ရာမှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း နဲ့ မြန်မာစစ်တပ်ရဲ့ လေယာဥ်ဆီနဲ့ ဆက်စပ်ပစ္စည်းများရရှိနေခြင်းကို ဖြတ်တောက်ရန် ပိတ်ဆို့အရေးယူခြင်းများတွေကို ဗြိတိန်နိင်ငံအနေနဲ့ လုပ်ဆောင်ပေးခဲ့ပြီး “(၂၀၂၅ ) ခုနှစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့အသေအချာမသိနိုင်ပေမဲ့ ယူကေအစိုးရကတော့ သင်တို့အားလုံးနဲ့အတူရပ်တည်ပြီး သင်တို့အားလုံးနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ်အတွက်ကြိုးပမ်းမှုမှာ အတူတကွလက်တွဲလုပ်ဆောင်သွားမယ်ဆိုတာကတော့ သေချာပါတယ်” လို့ ကတိပေးပြောဆိုသွားပါတယ်။

အမေရိကန်သံရုံးအကြီးအကဲ ဆူဇန်စတီဗန်ဆင်ကလည်း သံရုံးရဲ့ နှစ်ကူးဆုတောင်းစကားမှာ “နှစ်သစ်မှာ ၂၀၂၄ ခုနှစ်ကို ပြန်လည်သုံးသပ်ဖို့အခွင့်အရေးရရှိပြီး ရှေ့ဆက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်ခွင့်ရပါတယ်။ ဒီလိုအခက်အခဲတွေကြုံနေရချိန်မှာ အမေရိကန်ပြည်ထောင်စုက သင်တို့နဲ့အတူ ဆက်လက်ရပ်တည်ရင်း ပညာရေးအခွင့်အလမ်းတွေ၊၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပေးအပ်နေပါတယ်။ မိမိတို့အမေရိကန်သံရုံးအဖွဲ့သားအားလုံးက သင်တို့အတွက် နှစ်သစ်မှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ သာယာဝပြောခြင်းတွေကို ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး 🇩🇰 အကြီးအကဲဖြစ်သူ ဟယ်လ်လင်းနာ စတောမ်ကလည်း ” ၂၀၂၅ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ ဒီနှစ်သစ်ဟာ မြန်မာနိုင်ငံ 🇲🇲အတွက် ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်သစ်တွေယူဆောင်ပေးနိုင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ စိန်ခေါ်မှုများစွာ ရှိနေခဲ့ပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဇွဲလုံ့လတွေကြောင့် ကျွန်မ အနေနဲ့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။၂၀၂၅ မှာ မြန်မာပြည်သူပြည်သားများအားလုံးအတွက် 🇲🇲 ငြိမ်းချမ်းရေးကို ဦးတည်ပြီး အခက်အခဲတွေအားလုံး ပြေလည်ကာ အခွင့်အလမ်းကောင်းများရရှိနိုင်ပါစေလိို့ တောင်းဆုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ 🇲🇲 ရဲ့ ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို လျှောက်လှမ်းတဲ့ခရီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေနဲ့ 🇩🇰 ဆက်လက် ပံ့ပိုးကူညီသွားမည်ကြောင်းကိုလည်း ကတိကဝတ်ပြုပါတယ်” လို့ ပြောဆိုပါတယ်။

“မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိ၊ ခွန်အားနှင့် သံန္နိဌာန် ခိုင်မာမှုတို့သည် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မယိမ်းယိုင်သော စိတ်ဓာတ်နှင့် မျှော်လင့်ချက်တို့ကို ပြသနေပါသည်။ ၂၀၂၅ ခုနှစ်အခါသမယကို ကြိုဆိုရာတွင် ကနေဒါနိုင်ငံက သင်တို့နှင့် ထပ်တူရှိနေကြောင်း ပြောကြားလိုပါသည်။ ယခုနှစ်သစ်က ပိုမိုကောင်းမွန်သော အပြောင်းအလဲနှင့် အနာဂတ်အသစ်အတွက် မျှော်လင့်ချက်သစ်များ ယူဆောင်လာစေရန် ဆန္ဒပြုအပ်ပါသည်” လို့ သံရုံးအနေနဲ့ဆုတောင်းစကားဆိုခဲ့ပါတယ်။

ဓာတ်ပုံ – ဗြိတိန်၊ ယူအက်စ်၊ ဒိန်းမတ်၊ ကနေဒါ သံရုံးများ

ဆက်စပ် သတင်းများ

Most read