၁ ဇန်နဝါရီ၊ ၂၀၂၅
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးကာလမှာ ငါန်းဇွန်မြို့နယ်ထဲက သားကျင်ရွာကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင် ၅ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲက ၂ ဦးကိုသာ အလောင်းပြန်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက်၊ ည ၉ နာရီ ၄၅ မိနစ်မှာ မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲက သားကျင်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးပဲ အလောင်းပြန်ရကာ ၃ ဦးက ပေါက်ကွဲမှုဒဏ်ကြောင့် တစ်စစီဖြစ်ပြီး အလောင်းပြန်မရတော့ကြောင်း သိရပါတယ်။ စစ်ကောင်စီ တိုက်လေယာဉ်က ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလေကြောင်းက တိုက်ခိုက်ခံရတဲ့ သားကျင်ရွာကို စစ်ကောင်စီလေတပ်က မကြာခဏ လေကြောင်းက တိုက်ခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒီဇင်ဘာ ၆ ရက်ကလည်း စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတစ်ခု သေဆုံးပြီး အိမ်မွေး နွား ၄ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ငါန်းဇွန်မြို့နယ်မှာပဲ ၂၀၂၄ ခုနစ် ဇွန်လ ၁၉ ရက်မှာ ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခတ်ခဲ့တဲ့အတွက် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော် ဒဏ်ရာရခဲ့ပါတယ်။