Homeပြည်တွင်းသတင်းနှစ်လအတွင်း တပ် နဲ့ရဲ တပ်ဖွဲ့ဝင် ၄၉ ဦး CDM ပြုလုပ်လာကြောင်း NUG ထုတ်ပြန်

နှစ်လအတွင်း တပ် နဲ့ရဲ တပ်ဖွဲ့ဝင် ၄၉ ဦး CDM ပြုလုပ်လာကြောင်း NUG ထုတ်ပြန်

၁၁ နိုဝင်ဘာ ၊၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း တပ်သား နဲ့ ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အရာရှိအဆင့် ဗိုလ်ကြီး (၄) ဦး၊ ရဲအုပ် (၂) ဦး အပါအဝင် တပ်သား နဲ့ ရဲ (၄၉) ဦး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဆိုပါ (၄၉) ဦးအနက် လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူတွေလည်း ရှိပြီး လက်နက်ယူဆောင်လာ သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုး အလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၁၇) လက်နဲ့ ခဲယမ်း မီးကျောက်များ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း တိုက်တွန်း အသိပေးထားပါတယ်။

Photo – NUG (MOD)

ဆက်စပ် သတင်းများ

Most read