၁၉ မတ်၊၂၀၂၅
နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတွေကြောင့် နှစ်လကျော်ကာလအတွင်း ပြည်သူ (၄၂ )ဦးသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အရှင်လက်လက်မီးရှို့သက်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၄၂ ဦးရှိခဲ့ပြီး သက်ဖြတ်ခံရပြီးနောက် မီးရှိုခံခဲ့ရသူ ၃၀ ဦး စုစုပေါင်း (၇၂) ဦးရှိခဲ့တာကို အမည်နဲ့ တစ်ကွမှတ်တမ်းထင်ထားတယ်လို့ ဆိုပါတယ်။
သေဆုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းမှ ၂၄ ဦးနဲ့ အများဆုံး ဒေသဖြစ်ခဲ့ပြီး မကွေးတိုင်းက ၂၀ ဦးနဲ့ ဒုတိယအများ ဆုံး သေဆုံးခဲ့တဲ့ ဒေသဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲခဲ့ပြီးနောက် ပြည်သူခြောက်ဦးကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းနဲ့ ထိုခြောက်ဦးအနက်မှ ဦးချစ်မောင်ဆိုသူရဲ့ ဦးခေါင်းကို ပိုင်းဖြတ်ပြီး ခန္ဓာကိုယ်ကို မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ကာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့အထိ နွေးဦးတော်လှန်ရေးကာလအတွင်း ပြည်သူစုစုပေါင်း (၆၄၁၀) ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ AAPP ရဲ့ စာရင်း တွေအရ သိရပါတယ်။
Photo – Social Media