၅ ဒီဇင်ဘာ၊ ၂၀၂၄
ဒီဇင်ဘာ ၅ ရက်က နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်အပါဝင် မိသားစုသုံးဦးလုံး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီ ၄၅ မိနစ် ဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဗုံးထိမှန်ပေါက်ကွဲတဲ့နေအိမ်က အိပ်ပျော်နေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မွေးထားတဲ့ နွား ၆ ကောင်ထဲက ၅ ကောင်လည်း ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာလ ၄ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနဲ့ သမန်းတောရွာကြားက ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာလ ၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာက ကိုရီးယားဘာသာသင်တန်းကျောင်းကို လေကြောင်းက တိုက်ခိုက်တဲ့အတွက် ကျောင်းသားနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခု လေကြောင်းက တိုက်ခိုက်ခံနေရတဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေဖြစ်ပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အောင်သာကျေးရွာက မိသားစု
Photo – Citizen