Homeပြည်တွင်းသတင်းနွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်က ရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ပြန်

နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်က ရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ပြန်

၈ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာလ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ပေါင် ၅၀၀ ဗုံး တွေ သုံးပြီး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာလ ၈ ရက် မနက် ၁ နာရီ၁၀ မိနစ်ဝန်းကျင်မှာ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံးထက်မနည်းကို ၃ နေရာမှာ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ နေအိမ် ၃လုံးထက်မနည်း ပျက်စီးပြီး ရွာသူ ရွာသားတွေ အသုံးပြုနေတဲ့ ရေကန်လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ကလည်း နွားထိုးကြီး မြို့နယ်က ဆူးရစ်ကုန်းရွာနဲ့ ဖလံကုန်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။ ပထမတစ်ကြိမ် ဗုံးကြဲတုန်းက ဗုံးသီးတစ်လုံးမှာ မြေကြီးအောက် ရောက်ရှိနေပြီး ဘယ်သူမှ မတူးရဲတဲ့အတွက် ဒီအတိုင်း ထားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“နွားထိုးကြီးက စစ်ရှောင်တွေကော ဒီဘက် ဖလံကုန်း၊ ဆူးရစ်ကုန်းဘက်ကကော အကုန် ဘေးလွတ်ရာ ပြေးကုန်ကြတာ၊ လေကြောင်းရန်တင်ကြောက်ရတာမဟုတ် နေ့ကော ညပါ စစ်တပ်ကလည်း သေနတ်နဲ့ ရမ်းပစ်လိုက် စစ်ကြောင်းထိုးလိုက်လုပ်နေလို့ ရွာတွေအကုန်ပြေးကုန်ကြပြီ၊ နေ့ဘက် ခနလာပြီး အကုန်တောထဲပုန်းနေကြရတယ်”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

နွားထိုးကြီးမြို့နယ်ထဲက ဆူးရစ်ကုန်း ၊ ဖလံကုန်း ၊ မန်ကျီးကုန်း၊ကျောက်တန်း၊ထနောင်းပင်လဲ့စတဲ့ ကျေးရွာ ၅ ရွာက လူပေါင်း ၅၀၀၀ ထက်မနည်းဟာ စစ်ဘေးကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ဩဂုတ်လ ၁၀ ရက်မှာ စတင်တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ် ၃ ခုက ရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲတာ ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပြတယ်။

ဒီနေ့ မနက် ၁ နာရီ ၂၀မိနစ် ဝန်းကျင်မှာတော့ မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီးက ထန်းတောရှိရာကို စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ လူထိခိုက်မှုမရှိဘဲ ထန်းပင်တွေပဲ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ – နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာ ဗုံးကြဲချတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

Photo – ရွှေညာမောင်၊ CJ

ဆက်စပ် သတင်းများ

Most read