၂၇ ဇန်နဝါရီ၊ ၂၀၂၅
TNLA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အုမ္မတီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တအာင်းတပ်မတော်- PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၆ ရက် ညနေ ၅ နာရီမှာ စစ်တပ်က အုမ္မတီးရွာမှာရှိတဲ့ ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်အလုံး ၂၀ကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်ကလည်း ရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒါဟာ တစ်လအတွင်း သုံးကြိမ် ရှိနေပြီ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်းက လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိ လာရောက်မီးရှို့နေတာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း အိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“အခုက အရပ်သားတွေ ရှိတဲ့ဈေးတို့ ဆေးရုံတို့ လာဗုံးကြဲလိုက်၊ ရွာတွေကို မီးရှို့လိုက်နဲ့ တိုက်ပွဲပြန်ဖြစ်အောင် ရန်စနေတာပါ။ လူသေတာ ဒဏ်ရာရတာတော့မရှိပါဘူး ၊ အားလုံးက ထွက်ပြေးနေကြတာဆိုတော့လေ ၊ အခုက ရွာတွေကို ဝင်စီးပြီး ရွာသားတွေ ပြေးတဲ့အချိန် အဖိုးတန် ရွှေတို့ ဖုန်းတို့ ငွေသားတို့တွေ ယူကြတဲ့အပြင် သက်သက်ကို အိမ်တွေကို မီးရှို့ပစ်တာပါ” လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီ လက်ဖက်ရည်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေတာကြောင့် လူထုတွေအနေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ဖို့၊ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က သတိပေး ပြောဆိုထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA