၂၀ ဖေဖေါ်ဝါရီ၊၂၀၂၅
နောင်ချိုမြို့ လူနေရပ်ကွက်တွေကို စစ်ကောင်စီက မနေ့ညက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို ဘူတာရပ်ကွက် နဲ့ ပြည်သူ့ဆေးရုံပေါ် ကို ဖေဖော်ဝါရီလ ၁၉ ရက် ည (၈း၁၃)နာရီအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်အတွင်းနေထိုင်တဲ့ ဒေသခံ (၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ ပြည်သူ့ဆေးရုံကိုလည်း ဗုံးထိမှန်မှုကြောင့် ဒေသခံ (၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နောင်ချိုမြို သပြေတောင် ဘုရားကုန်းပေါ်ကို စစ်ကောင်စီတပ်မှ လေကြောင်းကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ကြား တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆နဲ့ ၁၇ ရက်တွေမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အဆင်မပြေမှု တွေရှိခဲ့ပြီးနောက် စစ်ကောင်စီက အခုလိုအရပ်သားပစ်မှတ်တွေကို လေကြောင်းနဲ့ တိုက်ခိုက် လာတာလည်း ဖြစ်ပါတယ်။
Photo – PSLF/TNLA