၁၆ မတ်၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက တိုက်လေယာဉ်ကို အနိမ့်ဆုံးပျံသန်းကာ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ကိုရင်ငယ်များအပါအဝင် သံဃာ၉ ပါး နဲ့ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။
မတ်လ ၁၆ ရက်၊ ဒီနေ့ညနေ ၅နာရီ ၁၆ မိနစ်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ၂ ကြိမ်ကျဲချပြီး စက်သေနတ်နဲ့ အတွဲလိုက် ၂ ကြိမ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကိုရင်ငယ် ၈ပါး ၊ သံဃာ ၁ ပါး ပျံလွန်ခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
စစ်ကောင်စီရဲ့တိုက်လေယာဉ်ဟာ နောင်ချိုမြို့ပေါ်ကို အနိမ့်ဆုံးကနေ ပျံသန်းပြီးမှ ဘုန်းကြီးကျောင်းဝန်းမှန်းသိသိနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သေဆုံးသူပြည်သူတွေထဲ အမျိုးသား ၂ ဦး အမျိုးသမီး ၃ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူစာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မတ်လ ၁၄ ရက်ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပံလှရွာက ဈေးဆိုင်တန်းကိုလည်း လူစည်ကားချိန် လေကြောင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတဲ့အတွက် ပြည်သူ ၂၇ဦး သေဆုံးပြီး သေဆုံးသူများထဲမှာ ၄လသားတစ်ဦးအပါအဝင် ကလေး ၆ ဦး သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – TNLA