စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေရပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲလာတဲ့ အတွက် ဇူလိုင်လ (၁၅)ရက်ကစပြီး PSLF/TNLAအနေနဲ့နောင်ချိုမြို့ပေါ်က အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို အခြားလုံခြုံတဲ့နေရာရွေ့ပြောင်းလိုက်တယ်လို့ TNLA က ကြေညာပါတယ်။
၂၀၂၅ ခုနှစ် မေလက စတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိစစ်ကောင်စီတပ်ဟာ နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လေကြောင်းကတိုက်ခိုက်တာ၊ ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ အဆိပ်ငွေ့ဗုံးတွေ ကျဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအတွက် ပြည်သူတွေက မြို့ဧရိယာမှာ နေထိုင်နိုင်ခြင်းမရှိတော့ဘဲဘေးကင်းဖို့ အတွက်မြို့ပြင်ပသို့ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
နောင်ချိုဒေသခံ တဦးကတော့ “TNLA က ရုံးလုပ်ငန်းတွေ ဆက်မလုပ်တော့တာကြာပြီ၊ စစ်တပ်က အင်နဲ့ အားနဲ့ ထိုးလာတာ။ မနေ့ကပဲ နောင်ချိုကို အလုံးစုံရတယ်ပြောရတယ်။ လူတွေကတော့ စစ်ရှောင်ကုန်ကြပြီ။ အခြားဒေသက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ မှာ ပြောင်းနေကြရတယ်”လို့ New Day Myanmar ကိုပြောပါတယ်။
၂၀၂၅ ခုနှစ် မေလကနေ ဇူလိုင်လ (၁၅)ရက်အထိ စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တွေက ပြည်သူလူထုသေဆုံးသူ (၂၃)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၈၈)ဦး၊ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်းနှင့် နေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


