၂၂ နိုဝင်ဘာ၊၂၀၂၄
TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် ဒေသခံ (၂)ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့ (၃း၀၀)နာရီအချိန်မှာ စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိ အသက် (၂၃) နှစ် အရွယ်အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား (၂) ဉီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ညသန်းခေါင်ယံ (၁၂း၀၀) အချိန်မှာလည်း ကံကြီးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃) ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းပေါင် (၅၀၀) ဗုံး(၁) လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသား (၁)ဦးထိမှန်သေဆုံးကာ (၃) ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်အတွင်း နိုဝင်ဘာလ(၁) ရက်နေ့မှ (၂၁)ရက်နေ့အထိ ဒေသခံ (၁၇)ဉီး သေဆုံးပြီး (၂၆) ဦး ထိမှန်ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့လည်း TLNA ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက် တွေကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း TNLA က သတိပေးထားပါတယ်။
Photo -PSLF/TNLA