၁၅ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပြီး ပေါင် (၃၀၀)ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက် ည(၆း၃၀)ဝန်းကျင်က စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ နောင်ချိုမြို့ တရားရုံးနဲ့ ရဲစခန်းအနောက်ဘက်ကို ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အနားပတ်ဝန်းကျင်က အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ်(၃)လုံးနဲ့ အိမ်စီးကားတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
နိုဝင်ဘာလ(၁၂)ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်က ခရီးသည်တွေနဲ့ စည်ကားနေတဲ့ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို လာရောက်ဗုံးကြဲချခဲ့ပြီး ဒေသခံနဲ့ ခရီးသွားပြည်သူ (၁၁)ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း(၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနဲ့ ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Photo – PSLF/TNLA