နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းတွေမှာ မနေ့က ဇန်နဝါရီ ၁၉ရက် ညပိုင်းနဲ့ ယနေ့ ဇန်နဝါရီ ၂၀ရက် နံနက်အစောပိုင်းမှာ နှစ်ရက်ဆက်တိုက် ငလျင် လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဆီကနေ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် မနက် ၁ နာရီ ၂၆ မိနစ် ၃၁ စက္ကန့်က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရဲ့ အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မနေ့က ဇန်နဝါရီ ၁၉ ရက် ည ၁၀ နာရီ ၁၃ မိနစ် ၅၇ စက္ကန့်ကလည်း ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့ရဲ့ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာ၊ အနက် (၁၀) ကီလိုမီ တာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ်ရဲ့ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခုလည်း ဇန်နဝါရီ ၁၉ ရက် ည ၈ နာရီ ၅၄ မိနစ် ၃၃ စက္ကန့်က လှုပ်ခတ်ခဲ့တယ်လို့ သိရပါ တယ်။
ဓာတ်ပုံ- Zwe Yan Naung


