၃၀ ဇန်နဝါရီ ၂၀၂၆
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူအမျိုး သားနှစ်ဦးကို မသေမချင်းလည်ပင်းကြိုး ကွင်းစွပ်သတ်ရန် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဥတ္တရခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တရားခံ ၂ ဦးဖြစ်တဲ့ သိန်းဇော်(ခ)ကိုသိန်းနဲ့ သောင်းဝင်းအောင်(ခ)ချစ်ဖူးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် (သေဒဏ်)အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ်၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် ၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် ၁၀နှစ် စီ သီးခြားစီ ကျခံစေခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြထားပါတယ်။
ဒါအပြင် သေဆုံးသူအမျိုးသမီးရဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ်ကို ရောင်းချဖျောက်ဖျက်ရာမှာ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ တရားခံအောင်ကိုဦး(ခ)ဘယ်ကြီး၊ နန်းရွှေစင်(ခ)ကုလားမ၊ အောင်ဇော်(ခ) ကိုဇော်ဆိုသူတို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် ၃ နှစ်၊ ရာဇ သတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ် ၆ လစီ သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ ဖော်ပြချက်မှာပါရှိ ပါတယ်။
ဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာနေအသက် ၂၃ နှစ်အရွယ် မအိအိငြိမ်းဟာ နေအိမ်ကနေယောက္ခမဖြစ်သူ နေအိမ်ကိုတစ်ဦးတည်းဆိုင်ကယ်နဲ့ ထွက်သွားခဲ့ရာ ညနေ ၆ နာရီခွဲအချိန်တွင် ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာသား သတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်းမှာ ဒဏ်ရာတွေနဲ့
သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာကြောင့် တောင်ညိုနယ်မြေရဲစခန်း (ပ) အမှတ် ၄၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ကနဦအမှုဖွင့်ကာပြီးပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေရဲ့ထွက်ဆိုချက်များအရ ၎င်းတို့ အရက်သေစာသောက် စားနေချိန် မအိအိငြိမ်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ကိုတွေ့ရှိပြီး တားဆီးကာအဓမ္မဝိုင်းဝန်းပြုကျင့်စဉ် မအိအိငြိမ်းက ရုန်း ကန်ထွက်ပြေးတာကြောင့် သစ်သားတုတ်နဲ့ လည်ပင်းနဲ့ ဦးခေါင်းကို ၈ ချက်ခန့်ရိုက်နှက်ခဲ့ရာ သေဆုံးသွားခဲ့တဲ့ဖြစ် စဉ်တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ-MOI


