Homeပြည်တွင်းသတင်းနေပြည်တော်မှာ ပြိုကျခဲ့တဲ့ ရုံးဌာနတွေကို မှုလကုမ္ပဏီတွေ ပြန်ဆောက်ပေးရမယ်၊ မဆောက်လုပ်လိုပါက ကာလတန်ဖိုးအတိုင်းပေးလျော်ရမယ်

နေပြည်တော်မှာ ပြိုကျခဲ့တဲ့ ရုံးဌာနတွေကို မှုလကုမ္ပဏီတွေ ပြန်ဆောက်ပေးရမယ်၊ မဆောက်လုပ်လိုပါက ကာလတန်ဖိုးအတိုင်းပေးလျော်ရမယ်

၃၀ ဧပြီ၊ ၂၀၂၅

နေပြည်တော်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရုံးအဆောက်အအုံ တွေကို မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကပြန်လည်တည်ဆောက်ရမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာမှာ ဧပြီ ၃၀ ရက်က ဖော်ပြပါတယ်။

ဧပြီ ၂၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးမှာ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောခဲ့တာဖြစ်ပါတယ်။

ရုံးဌာန အဆောက်အအုံတွေ ပြင်ဆင်််််ဖို့ အတွက် မူလ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးတာ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လက်ရှိ ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေကို တာဝန်ပေးတာနဲ့ အင်ဂျင်နီယာအသင်း သုံးသင်းက သတ်မှတ် ထောက်ခံပေးထားတဲ့ကုမ္ပဏီတွေ ကို တာဝန်ပေးတာ တွေလုပ်မယ်လို့ သူကပြောခဲ့တာဖြစ်ပါတယ်။

နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းရဲ့ အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်အကြောင်းကြားဖို့ စစ်ကောင်စီလက်အောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက မကြာခင်ကထုတ်ပြန်ထားပါတယ်။

မှုလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြန်လည်ဆောက်လုပ်ပေးတာမျိုးမလုပ်တော့ဘူးဆိုရင် ကာလပေါက်စျေးအတိုင်း ပေးလျော်ရမှာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ နေပြည်တော်ပြန်လည်တည်ဆောက်ရေးစီမံကိန်းမှာ ပါဝင်တဲ့ သတင်းရင်းမြစ်က New Day Myanmar ကိုပြောပါတယ်။

“သူတို့တွေက နဂိုမူလပုံစံအတိုင်း ပြန်တည်ဆောက်ပေးရမှာ။ သူ့ဟာကအကုန် အသစ်ကနေပြန်ဆောက်ရမှာ။ အကုန်ပျက်စီးသွားတာ။ အမြန်လမ်းရောပြန်လုပ်ပေးရမှာ။ ပြန်မဆောက်ပေးတော့ဘူးဆိုရင် အဲဒီလုပ်ငန်းရှင်က ကာလပေါက်ဈေးအတိုင်းပြန်လျော်ပေးရမှာပေါ့။ ဘယ်လိုဒီဇိုင်းနဲ့ဆောက်ခဲ့လဲဆိုတာ သူတို့ပဲသိမှာလေ” လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။

နေပြည်တော်ကို ဆောက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီတွေမှာ ထင်ရှားတဲ့ ကုမ္ပဏီတွေကတော့ ခရိုနီဦးတေဇရဲ့ ထူး၊ ဦးချစ်ခိုင်ရဲ့ အေဒင်၊ လောစစ်ဟန်နဲ့ သူ့သား ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ်၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာ၊ ဦးနေအောင်ရဲ့ IGE၊ ဦးရွှေမန်းသားတွေ ဖြစ်တဲ့ တိုးနိုင်မန်းနဲ့ အောင်သက်မန်းတို့ရဲ့ ဧရာရွှေဝါ၊ ဦးတင့်ဆန်းပိုင်တဲ့ ACE၊ ဦးရန်ဝင်းရဲ့ A1၊ ဦးသားဌေးရဲ့ OREGINAL GROUP၊ ဦးဝင်းထင်ကျော်ရဲ့ WHK၊ ဦးသိန်းညွှန့်ရဲ့ TZTM၊ ဦးရှိန်ဝင်းရဲ့ တက်လမ်း၊ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်ရဲ့ မဟာရဲတံခွန်၊ ဦးအိုက်ထွန်း ရဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ၊ အောင်ကောင်းကျော်၊ ရွှေဘုရင် စတဲ့ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က ၇၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အများဆုံးပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read