နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးကြီးကနေဈေးဝယ်ပြီးပြန်လာတဲ့ အမျိုး သားတစ်ဦးဆီက ဆိုင်ကယ်လုယက်ပြီး ဓားနဲ့ထိုးခဲ့လို့ နေရာမှာတင်သေဆုံးမှု တခုဇူလိုင် ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“လုတာကို ဆိုင်ကယ်ပိုင်ရှင်ကလည်း ခုခံတယ်ထင်ပါတယ် ဓားနဲ့ထိုးသွားတာ။ မိတာ မမိတာတော့ မသိဘူးဗျ။ ဖြစ်စဉ်ကတော့ဟုတ်တယ်။ နေပြည်တော်လို လုံခြုံရေးပိုင်းတင်းကြပ်တဲ့နေရာမျိုးတောင် ဒီလို လုယက်သတ် ဖြတ်တာမျိုးက ရုပ်ဆိုးတယ်ပြောရမှာပေါ့။”လို့ ဇမ္ဗူသီရိမြို့နယ်မှာနေထိုင်သူတဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ခေါင်းဆောင်တွေအခြေစိုက်တဲ့ နေပြည်တော်မှာ လုယက်သတ်ဖြတ်တာတွေဖြစ်လာနေတယ်လို့ နေပြည်တော်ဒေသခံတွေကပြောပါတယ်။ အရင်က လုယက်ရုံ ခိုးရုံသာရှိပေမယ့် အခု နောက်ပိုင်းမှာ လုယက်သတ်ဖြတ်ခဲ့တဲ့အဆင့်အထိ အခြေအနေဆိုးရွားလာတယ်လို့ ပြောကြပါတယ်။
ဒီလိုလုယက်မှုတွေအတွက် သက်ဆိုင်ရာဌာနတွေက တင်းတင်းကြပ်ကြပ် ရှာဖွေတာ အပြစ်ပေးတာမျိုးတွေအပြင် ကျူး လွန်သူတွေကို ဖမ်းမိတယ် မဖမ်းမိဘူးဆိုတာတောင် အသိပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီနယ်မြေဟာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့အချိန်ကစလို့ မူးယစ်ဆေးဝါးမှု၊ လုယက်မှု၊ ခိုးမှု ၊ လူသတ်မှုတွေ မကြာခဏဆိုသလို အဖြစ်များလာပြီး၊ အရေးယူမှုအပိုင်းမှာလည်း အားနည်းနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။


