၃၀ ဒီဇင်ဘာ၊ ၂၀၂၄
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ဒီဇင်ဘာ၂၉ ရက်က အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်ပါတယ်။ သူဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ဦးမြောက်သမ္မတ ဂျင်မီကာတာဟာ သူ့လက်ထက်မှာ အီဂျစ်နဲ့ အစ္စရေးအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒပိုင်းမှာလည်း အောင်မြင်မှုတွေ ရခဲ့ပါတယ်။
၁၉၈၁ ခုနှစ် သမ္မတသက်တမ်းကုန်ခဲ့ပြီးနောက်တော့ကမ္ဘာ့အနှံသွားလာပြီး ရောဂါတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရေးတွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။ကာတာ စင်တာကို ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံပေါင်း ၈၀ကျော်က ရွေးကောက်ပွဲကို စောင့်ကြည့်တာ၊ အငြင်းပွားမှုတွေမှာ ကြားဝင်စေ့စပ်တာ၊ ရောဂါတိုက်ဖျက်ရေးတွေမှာ ပါဝင်ဆောင်ရွက်တာတွေလုပ်ခဲ့တဲ့နောက် ၂၀၀၂ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
ကမ္ဘာအနှံက နိုင်ငံခေါင်းဆောင်တွေနဲ့ အထင်ကရဩဇာကြီးသူတွေပါဝင်တဲ့ the Elders အဖွဲ့မှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ The Elders အဖွဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက်လည်း
ပါဝင်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလနဲ့ စက်တင်ဘာလတွေမှာ သမ္မတကာတာဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။
သမ္မတကာတာရဲ့ ကာတာစင်တာတာဟာ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့ပြီး ကိုယ်တိုင်သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် သူ့ကိုယ်စားမြေးဖြစ်သူကို မြန်မာပြည်ကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး ရိုဆလင်းကာတာက မနှစ်က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိပါပြီ။ သမ္မတကာတာမှာ သား ၃ ယောက် သမီး ၁ ယောက် ကျန်ခဲ့ပါတယ်။ ဂျင်မီကာတာဟာ အမေရိကန်သမ္မတတွေထဲမှာ အသက်အရှည်ဆုံးသမ္မတ ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – The Carter Center