မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံရွာမှာ မနေ့က ဒီဇင်ဘာ ၇ ရက်က ယာယီအုပ်ချုပ်ရေးမှူးဆိုသူနဲ့ အပေါင်းပါတဦးကို အမည်မသိ လက်နက်ကိုင်တစုက သေနတ်နဲ့စောင့်ဆိုင်းပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
သေဆုံးသွားတဲ့ ယာယီအုပ်ချုပ်ရေးမှုးဆိုသူနဲ့ အပေါင်းပါတစ်ဦးဟာ မနေ့က ဒီဇင် ဘာ ၇ ရက် မနက် ၁၀ နာရီအချိန်ခန့်မှာ မုဒုံ -သံဖြူဇရပ် ကားလမ်းမကြီးအရှေ့ဘက်မှာရှိတဲ့ ရော်ဘာခြံကိုအသွား ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ရာဘာခြံကို အသွားပစ်ခံရတာ၊ ပကဖ အဖွဲ့က ပစ်တာလို့ ကနဦး သိထားရတယ်
မုဒုံ-သံဖြူဇရပ်လမ်းမှာက သူတို့အဖွဲ့တွေအမြဲလှုပ်ရှားနေကြလို့”သူကဆိုပါတယ်။
သူဟာ မွန်ညီညွန်ရေးပါတီက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားထိုးပြီး ယာယီခန့်အပ်ထားခြင်းဖြစ်ပြီး တလဝန်းကျင်ကြာ တာဝန်ထမ်းဆောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားရာနေရာဟာ ရာမညမွန်တပ်တော် (RMA)အဖွဲ့ ကင်းလှည့် လည်သွားလာရာ နေရာဖြစ်သော်လည်း အခုပစ်ခတ်မှုဟာ မုဒုံဒေသတွင်း ဆက် ကြေးကောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


