Homeပြည်တွင်းသတင်းနိုင်ငံအချို့က စစ်ကောင်စီကို ထောက်ပံ့နေမှု ရပ်တန့်ဖို့ ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

နိုင်ငံအချို့က စစ်ကောင်စီကို ထောက်ပံ့နေမှု ရပ်တန့်ဖို့ ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

၁၃ မေ၊ ၂၀၂၅

နိုင်ငံတချို့အနေနဲ့ ကလေးငယ်တွေ အပါအ၀င် ပြည်သူတွေကို သတ်ဖြတ်နေတာတွေအတွက် စစ်ကောင်စီကို ထောက်ပံ့နေတာတွေ ရပ်တန့်ပေးဖို့ ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် SDG 16 Conference 2025: Advancing Peace, Justice and Institutions for Sustainable Development အစည်းအဝေးကို မေ ၁၂ရက် က ကျင်းပစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်တာပါ။

“စစ်အုပ်စုမှ နေ့စဉ် မဆင်မခြင် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းတို့ က အရပ်သားထိခိုက်နစ်နာမှုနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေ ပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်များအား အကောင်အထည်ဖော်ရန် တာဝန်ယူကြရသည့် အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် အများဆုံး ထိခိုက်စေကြောင်း” ပြောကြားခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မေလ ၁၂ရက်မနက်ပိုင်းမှာ စစ်အုပ်စုက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင် ကျောင်းပေါ် ကိုလေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၂ ဦးနဲ့ ကလေးငယ် ၂၀ ခန့် သေဆုံးပြီး များစွာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်စေဖို့နဲ့ ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုများကို ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါဖို့ ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။” လို့လည်းသူကပြောခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read