Homeပြည်တွင်းသတင်းနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် တိုက်တွန်း

၁၂ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ ပထမခြေလှမ်းဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကို ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ ပါဝင်တဲ့ အရေးကြီးအချက်တစ်ခုဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီ လွှတ်ပေးခဲ့တာကို အသိအမှတ်ပြုထားပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုလွတ်မြောက်လာတာကို မျှော်လင့်ကြောင်း ဖိလစ်ပိုင်ဘက်က ဆိုထားပါတယ်။ အာဆီယံခေါင်းဆောင်တွေ ပြန်လည်သုံးသပ်ဆွေးနွေးတဲ့ အစည်းအဝေးတွေမှာလည်း ဒီအချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးဆိုင်ရာ အကျဉ်းသား ၃ သောင်းကျော်ရှိပြီး အဲ့ဒီထဲက ၂ သောင်း ၂ ထောင်ကျော်ဟာ အကျဉ်းထောင်တွေမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ မြန်မာရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမယ်လို့ ပြောထားပြီး ပြည်ပစွက်ဖက်မှုမရှိဘဲ တိုင်းရင်းသားအချင်းချင်း ရင်ကြားစေ့ဆွေးနွေးမှုကသာ အောင်မြင်နိုင်မယ်လို့ ဆိုထားပါတယ်။

ဆွေးနွေးရေးတံခါးကို အစဉ်အမြဲဖွင့်ထားတယ်လို့ ပြောဆိုထားပေမယ့် ၂၀၂၆ ခုနှစ်အစပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး