နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရတာနဲ့ လားရှိုးဆေးရုံကြီးကို ပိတ်သိမ်းခဲ့ရတဲ့ အတွက် စိတ်မကောင်းဘူးလို့ ကိုးကန့် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပြောဆိုချက်ကို ကိုးကန့် သတင်းကွန်ရက်က ဧပြီ ၂၆ ရက်မှာ ဖော်ပြပါတယ်။
သတင်းဌာနတွေမှာ ရေးသားဖော်ပြနေကြတဲ့ ဆေးရုံက စက်ပစ္စည်းတွေ ယူဆောင်သွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ လားရှိုးဆေးရုံးက ကျန်းမာရေးဝန်ထမ်းတဦးက “အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာ ကျွန်တော်တို့ဆေးရုံပိတ်ရတဲ့ ရက်နဲ့ စစ်ကောင်စီကပြန်လည်တာဝန်ယူမဲ့ရက်က တစ်ပတ်လောက်ကွာနေပါတယ်၊ဥပမာတစ်ခုပြောရရင် ကျောက်ကပ်ဆေးတဲ့စက်ကိုယူသွားရတဲ့အကြောင်းအရင်းပါ၊ဆေးရုံမှာ ကျောက်ကပ်လာဆေးနေတဲ့လူနာများစွာရှိပါတယ်၊တစ်ပတ်ကိုကျောက်ကပ်ဆေးလူနာ (၅၀)ဦးရှိပြီးတစ်ပတ်အတွင်းကျောက်ကပ်မဆေးရရင် အသက်ဆုံးရှုံးနိုင်တဲ့လူနာတွေလဲရှိပါတယ်၊အဲ့ဒါကြောင့် ကျောက်ကပ်ဆေးတဲ့စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာဖြစ်ပါတယ်၊ပြီးတော့ အရေးတကြီးလိုအပ်တဲ့ စက်ပစ္စည်း၊ဆေးဝါး ၂၀%လောက်ဘဲ ယူသွားခဲ့တာပါ၊ပြည်သူတွေကိုအကောင်းဆုံးလုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ အခုလိုမဖြစ်မနေထားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြန်လည်ဖြေရှင်းထားပါတယ်။
အထူးဒေသကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်အရ အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်းတွေဟာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၄ ခုဩဂုတ်လ ၁၀ ရက်ကနေ ၂၀၂၅ ဧပြီ ၅ ရက်အထိ ရှစ်လတာ ကာလအတွင်း အပြင်လူနာ၊ အတွင်းလူနာ စုစုပေါင်း (၉၅,၂၅၈) ဦး ဆေးကုသမှုပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – ကိုးကန့် သတင်းကွန်ရက်