ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာနိုင်ငံ ရေးပုဒ်မတစ်ခုနဲ့ဖမ်းဆီးခံထားကတဲ့ မဇွန်ပွင့်လှိုင်ဆိုသူ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့လက်ကနေ ကယ်တင်ခဲ့ အဖွဲ့ကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ဒီကနေ ဇူလိုင် ၂ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က ဇူလိုင် ၁ ရက်နေ့ ည ၇နာရီခွဲအချိန်မှာ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဖမ်းဆီးထားရတဲ မဇွန်ပွင့်လှိုင်ဟာ အရေးပေါ် နာမကျန်းဖြစ်တာကြောင့် လှိုင်သာယာမြို့နယ်ဆေးရုံကို ပြသဖို့ ဒုရဲအုပ် ၂ ဦးက ခေါ်ဆောင်လာခဲ့ပြီး ၊ အဲ့ဒီလို ခေါ်ဆောင်လာစဉ်မှာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက် လူ ၂ ဦးက ဒုရဲအုပ် ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး မဇွန်ပွင့်လှိုင် ကိုကယ်ထုတ်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှုအတွင်း အမျိုးသား ဒုရဲအုပ် ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ဒုရဲအုပ်မှာ ပုခုံးကျည်ဖောက် ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ထုတ်ခံရတဲ့ မဇွန်ပွင့်လှိုင်နဲ့ ကယ်ထုတ်ခဲ့တဲ့အဖွဲ့ဝင် ၅ ဦးကို ဒီနေ့ ဇူလိုင် ၁ ရက်နံနက်ပိုင်းမှာ လက်နက်အချို့နဲ့အတူ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။


