Homeပြည်တွင်းသတင်းနိုင်ငံတဝန်း ရေးကြီးနစ်မြုပ်မှုကြောင့် ပြည်သူ ၂၉၀ ကျော်သေဆုံးခဲ့ရ

နိုင်ငံတဝန်း ရေးကြီးနစ်မြုပ်မှုကြောင့် ပြည်သူ ၂၉၀ ကျော်သေဆုံးခဲ့ရ

၂၁ စက်တင်ဘာ၊၂၀၂၄

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတဝန်း ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တဲ့ကာလအတွင်း ပြည်သူ ၂၉၃ ယောက် သေဆုံးပြီး ၈၉ ယောက် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ရရှိထားတဲ့ စာရင်း တွေအရ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ကတော့ ရာဂိမုန်တိုင်းရဲ့ နောက်ဆက်တွဲကြောင့် မြန်မာ နိုင်ငံအနှံ့မှာ ရေကြီးရေလျှံတွေ ဖြစ်ခဲ့ပြီး နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်း၊ တောင်ပိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် (၉) ခုက မြို့နယ်ပေါင်း (၅၉) မြို့နယ် ထိခိုက်ခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်သူ ၆ သိန်း ၃ သောင်းကျော်ရှိပြီး ရာနဲ့ချီသေဆုံးတာတွေရှိသလို ပျောက်ဆုံးသူတွေလည်း ရှိနေ တယ်လို့လည်း ကုလက ဆိုပါတယ်။

စစ်ကောင်စီက ဖော်ပြလာတဲ့ စာရင်းတွေအရ ရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်မျိုးစုံ အကောင်ရေစုစုပေါင်း ၁၂၉,၀၀၀ ကျော် သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧကပေါင်း ၇၆၆,၅၀၀ ဧက ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဆိုထားပြီး ဌာနဆိုင်ရာ ရုံးအဆောက်အဦ ၁၁၃ လုံး၊ စာသင်ကျောင်းပေါင်း ၉၁၉ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၃၁ အပါအဝင် လမ်း၊ တံတား၊ ဆက်သွယ်ရေးတိုင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၂၅ ခုရှိပြီး အိမ်ထောင်စုပေါင်း ၄ သောင်း ၇ ထောင်ကျော်က ပြည်သူ တစ်သိန်းခြောက်သောင်းကျော်ကို ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ကူညီတာတွေ လုပ်ပေးထား တယ်လို့လည်း ဆိုပါတယ်။

“တောင်ငူမြို့နယ်ထဲမှာ အကူအညီမရသေးတဲ့ ရွာ ၄၀ ကျော်လောက်ရှိနေသေးမယ်ထင်တယ် ဆရာမတို့လည်း တက်နိုင်သလောက် လှူတယ်၊ကယ်တယ် တစ်ရွာတွေက သွားမရဘူး အစစ်အဆေးရှိသလို မသွားခိုင်း တာ တွေလည်းရှိတယ်” လို့ မြေပြင်ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူ တောင်ငူ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေကြတဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ပြောဆိုမှုအရ ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီကတားမြစ်မှုတွေရှိနေတာကြောင့် ကယ်ဆယ်ရေးမလုပ်နိုင်တဲ့ ကျေးရွာအမြောက်အများ ကျန်ရှိနေသေးကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းအပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

ပုံစာ – (လွိုင်ကော်မြို့ ရေကြီးနစ်မြုပ်နေမှု)

Photo – The Voice of Karenni

ဆက်စပ် သတင်းများ

Most read